နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
Bullet News ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေ က အခြေခံဥပဒေပုဒ်မ ၃၉၈(ဂ)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းမှာ ပြည်ထောင်စုဝန်ကြီးများနှင့် တန်းတူဖြစ်သည်ဟု ကြားသိရကြောင်း၊ သို့သော် အခြေခံဥပဒေပုဒ်မ ၄၀၀ တွင်မူ ဥပဒေကို လိုအပ်သလိုရေးဆွဲနိုင်သည်ဟု ပါရှိကြောင်း၊ ဥပမာအနေဖြင့် မိမိပြောလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်တစ်ခု၏ လက်ထက်တွင် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲ အငြင်းပွားမှုခုံရုံး ပြုလုပ်သည့်အခါတွင်အခြား ရွေးကောက်ပွဲကော်မရှင် တစ်ခု၏ လက်ထက်သို့ ရောက်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် ဥပဒေများကို နောက်မှတာဝန်ယူဆောင်ရွက်သည့် ရွေးကောက်ပွဲကော်မရှင်က သေသေချာချာ မလိုက်နာသည့်ပုံစံမျိုး ဖြစ်နေကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းကို ရွေးကောက်ပွဲအငြင်းပွားမှု ပြီးဆုံးသည်အထိဟု သတ်မှတ်မည်ဆိုပါက ပို၍သင့်လျော်လိမ့်မည်ဟု ထင်မြင်မိကြောင်း၊ ထိုအချိန်တွင် ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် အဟောင်းတို့အကြား Over Linking ဖြစ်ကောင်းဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ရွေးကောက်ပွဲကော်မရှင်အဟောင်းသည် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းရန် အတွက်သာဖြစ်သည်ဟု ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တစ်ရပ်ထုတ်ပြန်၍ ဆောင်ရွက်မည်ဆိုပါက အဆင်ပြေနိုင်လိမ့်မည်ဖြစ်ကြောင်း။
ဒုတိယမေးခွန်းအနေဖြင့် မဲရုံတစ်ရုံတွင် မဲမသမာမှုလုပ်သည်ဟု စစ်ဆေးပေါ်ပေါက်ပါက ယင်းကိုပယ်ဖျက်ပြီး ဒုတိယလူကတက်ရမည်ဆိုသည့် အချက်ကို ဥပဒေတွင်လည်း အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ သို့သော် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ယခုအချုပ်ထဲ ရောက်နေသည့် ခုံရုံးအဖွဲ့များကို မိမိကနေရာ ၆ နေရာခန့်တွင် မဲမသမာမှုများ ဖြစ်ပေါ်နေသည်ဟု ပြောခဲ့ကြောင်း၊ သို့သော် ၎င်းတို့က “အဲဒီ ၆ နေရာလောက်က မဲရုံတွေမှာနိုင်တဲ့ မဲတွေအကုန်လုံးကို ဦးလှဆွေကို ပေးလိုက်တယ်ထားဦး၊ ကျန်တဲ့မဲရုံတွေကရှုံးတဲ့အတွက် ဦးလှဆွေ ရှုံးတယ်” ဟု ပြောကြောင်း၊ မိမိကလည်း ထပ်မံအယူခံဝင်ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ် ၁၀၀ ဖြင့် အောင်မြင်သည့်သူနှင့် အမှတ် ၄၀ ဖြင့် အောင်မြင်သူရှိသည့်အနက် အမှတ် ၁၀၀ ဖြင့် အောင်မြင်သည့်သူက ငါးမှတ်တန် ပုစ္ဆာတစ်ပုဒ်ကို အဖြေခိုးချနေကြောင်း ပြောပြသည်ကို ဆရာက အဲဒီခိုးချတဲ့ ငါးမှတ်ကို နှုတ်လိုက်ဦး၊ ၉၅ မှတ် ကျန်တဲ့အတွက် ဂုဏ်ထူးမထွက်ရင်တောင်မှ အောင်သေးတယ်ဟု ပြောသကဲ့သို့ဖြစ်နေကြောင်း၊ ထို့ကြောင့် ဦးလှဆွေ မဲရှုံးတယ်ဟု ၎င်းတို့က ပြောခဲ့ကြောင်း၊ မိမိဆိုလိုသည်မှာထိုကဲ့သို့ မဲလိမ်ခြင်း၊ မဲခိုးခြင်းကို တွေ့ရှိရပြီဆိုပါက ထိုသူကို ကျောင်းထုတ်ပစ်ရမည်ဖြစ်ကြောင်း၊ သို့သော် ထိုကဲ့သို့မလုပ်ခဲ့ကြောင်း၊ ယခုလာမည့် ရွေးကောက်ပွဲတွင် ဥပဒေအရ မည်သို့ပင်ဆိုစေကာမူဟုဆို၍ မဲရှုံးခြင်းများကို မဖြစ်ပေါ်စေဘဲ ဥပဒေအရ အမှန်တကယ် မဲလိမ်၊ မဲခိုးခြင်းဖြစ်ပါကမည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း။
နောက်ဆုံးမေးခွန်းအနေဖြင့် အခြေခံဥပဒေ ပုဒ်မ ၃၉၂ အရ မဲပေးခွင့်မရှိသူ ငါးမျိုးရှိသည်ဟု ဖော်ပြထားကြောင်း၊ ထိုသူများအထဲတွင် စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ်ကြေညာထားသူ၊ ထောင်ကျနေသူ၊ တားမြစ်ခံရသူနှင့် သာသနာ့ဝန်ထမ်းများဟု ပါရှိကြောင်း၊ သာသနာ့ဝန်ထမ်းများနှင့် စိတ်ပေါ့သွပ်သူများ၊ ထောင်ကျနေသူများကို တစ်တန်းတည်းထားသကဲ့သို့ ဖြစ်နေကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သူ ရဟန်း သံဃာ စုစုပေါင်းအင်အား ငါးသိန်းခန့်ရှိသည်ဟု သိရကြောင်း၊ ထိုရဟန်းသံဃာများကို ၎င်းတို့အနေဖြင့် ဆန္ဒမဲပေးလိုက ပေးနိုင်သည်ဆိုသည့် ဥပဒေတစ်ရပ်ကို အမိန့်တစ်ရပ်အဖြစ် ပြဋ္ဌာန်းပေးမည်ဆိုပါက သံဃာတော်များအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက်လိုသည့် ပါတီများကို မဲပေးပိုင်ခွင့်ရရှိသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် အဆိုပါမေးခွန်းများကို ပြန်လည်ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က မေးခွန်းသုံးခုအနက် ပထမမေးခွန်းဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းနှင့် ခုံရုံးများနှင့်စစ်ဆေးသည့်ကိစ္စကို ပြန်လည်ဖြေကြားရမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက်တင်မြှောက်ခြင်း အခန်း ၉ တွင် ပါဝင်ကြောင်း၊ ပုဒ်မ ၃၉၈ (က)တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း ပါဝင်ကြောင်း၊ ၎င်းဖွဲ့စည်းပုံမှာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တူသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅ (က) တွင်လည်း ပြဋ္ဌာန်းချက်များပါဝင်ကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ ပြောရမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့်အတူဖြစ်ကြောင်း၊ အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၆ တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏သက်တမ်းနှင့် အတူတူဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သို့သော် နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခြင်းမပြုမီ အချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဟောင်းကသာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သာမန်အားဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို စတင်ခန့်အပ်သည့် အချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်း၍ ကန့်ကွက်လွှာ များကိုစစ်ဆေးရာတွင် ၂၀၁၀ ပြည့်နှစ်တွင် ကန့်ကွက်လွှာအမှု ၂၉ မှုသာ ရှိခဲ့ကြောင်း၊ အဆိုပါအမှုများ စစ်ဆေးပြီးစီး၍ ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းရာတွင် စစ်ဆေးပြီးအမှု တစ်မှု၊ ရုပ်သိမ်းသွားသည့်အမှု တစ်မှုရှိခဲ့သည့်အတွက် ကျန်ရှိသည့် အမှု ၂၇ မှုကို ရွေးကောက်ပွဲကော်မရှင် အသစ်ထံ ထပ်မံလွှဲပြောင်းပေးခဲ့ရကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်တွင် ကန့်ကွက်လွှာအမှု ၄၅ မှုရှိခဲ့ကြောင်း၊ ထိုအမှုများအနက် စစ်ဆေးပြီးစီးသည့်အမှု သုံးမှုရှိခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်အသစ်ထံ အမှု ၄၂ မှုကို လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်အမှုများကို ရွေးကောက်ပွဲကော်မရှင်အသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ အထက်ပါ လုပ်ငန်းစဉ်များတွင် ခုံရုံးများဖွဲ့စည်းခြင်း၊ ကန့်ကွက်လွှာများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အယူခံများ တင်သွင်းခြင်း၊ ပြင်ဆင်မှုများ စစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်း စသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအရ အထက်ပါလုပ်ငန်းစဉ်များမှာ အချိန်ကာလ နှစ်နှစ်ခန့်အထိ ကြာမြင့်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲ ကော်မရှင်အဟောင်းက နှစ်နှစ်ခန့် ထပ်မံ၍ လုပ်ငန်းများလုပ်ဆောင်နေမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်နှစ်ခု ဖြစ်နေမည်ဖြစ်သောကြောင့် အဆင်မပြေနိုင်ကြောင်း။
ထို့ပြင် အမှုများကိုပြီးပြတ်အောင် ဆောင်ရွက်ရန်အတွက်မှာလည်း လက်တွေ့တွင်မလွယ်ကူကြောင်း၊ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှုပေါင်း ၂၈၇ ခုကျော်ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ အမှုများ များပြားသောကြောင့် အဆင်ပြေနိုင်သည့်အခြေအနေမရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း အကောင်းဆုံး၊ အတတ်နိုင်ဆုံး ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း ပြောကြားသည်။
ဒုတိယမေးခွန်းဖြစ်သည့် မဲမသမာမှုများနှင့် ပတ်သက်၍ ကန့်ကွက်လွှာများကို ဆုံးဖြတ်သည့် အပိုင်းကို ဖြေကြားရလျှင် မဲမသမာမှုကို ကျူးလွန်ပါက ကျူးလွန်သူကိုပယ်၍ ဒုတိယလူကို ရွေးချယ်ရမည့်သဘောရှိကြောင်း၊ ဥပဒေသဘောတရားအရ ထိုအနေအထားမျိုးဖြစ်ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် Closed List PR စနစ်ကို အသုံးပြုမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ ပို၍အရေးကြီးကြောင်း၊ ထိုကိစ္စကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင်လည်း မိမိရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ Closed List PR စနစ်မှာ ပါတီကိုသာ မဲပေးရသည့်စနစ်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကိုမူ သိခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီမှာ ကန့်ကွက်ခြင်းခံရပြီး ကန့်ကွက်ချက်များမှာလည်း မှန်ကန်ကြောင်း ဆုံးဖြတ်မည်ဆိုပါက ထိုပါတီ တစ်ခုလုံးရရှိသည့် ဆန္ဒမဲများမှာ ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ကြောင်း၊ ထိုသို့ပယ်ဖျက်ပြီးပါက ထိုပါတီကရရှိခဲ့သည့်ဆန္ဒမဲများကို နုတ်ပယ်၍ ခိုင်လုံမဲများအနက်ပယ်ဖျက်ခံရသည့်ပါတီ၏ ဆန္ဒမဲများကိုနုတ်ပယ်ပြီး ကျန်ရှိသည့်ဆန္ဒမဲများကို ကျန်ရှိသည့်ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ အချိုးကျရရှိသည့်အတိုင်း ကိုယ်စားလှယ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတင်ပြလိုသည်မှာ ကန့်ကွက်လွှာများ ဖြစ်ပေါ်လာပြီး မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါက မဲဆန္ဒနယ်တစ်ခုလုံးမှ ကိုယ်စားလှယ်များအားလုံး ဆုံးရှုံးသွားမည်ဖြစ်ပြီး ပယ်ဖျက်ခံရမည်ဖြစ်သောကြောင့် PR စနစ်ဖြင့်ကျင်းပမည်ဖြစ်သည့် နောင်လာမည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ လုပ်ဆောင်မည်ဆိုပါက များစွာထိခိုက်နစ်နာနိုင်မည်ဖြစ်သည့်အတွက် ထိုကိစ္စများကို သတိပြုရှောင်ရှားကြစေလိုကြောင်း ပြောကြားသည်။
တတိယမေးခွန်းဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၂ (က)တွင် မဲပေးပိုင်ခွင့်မရှိသူများ စာရင်းတွင် သာသနာ့ဝန်ထမ်းများဟူ၍ ပါဝင်ကြောင်း၊ အလားတူ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇ တွင်လည်း သာသနာ့ဝန်ထမ်းများသည် မဲပေးပိုင်ခွင့်မရှိဟု ပါဝင်ကြောင်း၊ ထိုကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့်အတွက် ထိုပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရရှိနိုင်မည်မဟုတ်ကြောင်း၊ သို့သော် ထူးခြားချက်အနေဖြင့် ထိုဥပဒေများတွင် သာသနာ့ဝန်ထမ်းနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ပါဝင်ကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့်ဘာသာများ ပါဝင်ကြောင်း၊ ထိုအထဲတွင် ဟိန္ဒူဘာသာဆိုပါက ပို၍ပြည့်စုံစေရန် အကျုံးဝင်သည့်စာရင်းများကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ထားကြောင်း၊ အစ္စလာမ်ဘာသာဆိုလျှင် မပါဝင်ကြောင်း၊ သာသနာ့ဝန်ထမ်းများကို ပြည့်ပြည့်စုံစုံဖြစ်စေရန် ထပ်မံထည့်သွင်းထားကြောင်း၊ သာသနာ့ဝန်ထမ်းများအားလုံးမှာ မဲပေးခွင့်ရရှိမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။
NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်း က ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲ သုံးကြိမ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အနည်းဆုံး တစ်နှစ်ခန့် ကြိုတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစည်းအဝေးများပြုလုပ်၍ တိုင်ပင်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း၊ မဲစာရင်းပေးမည့် စာရွက်များကို ပုံနှိပ်သည့်လုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်ရသည်ဟု သိရကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်း ရှိ၊ မရှိ သိလိုကြောင်း၊ အကယ်၍ လုပ်ငန်းများ စတင်ရခြင်း မရှိသေးပါကလည်း ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုဆိုသည့် ရွေးကောက်ပွဲအတွက် အချိန်ကာလမှာ Limit ဖြစ်နေသည်ကို တွေ့ရကြောင်း၊ မည်သည့်အတွက်ကြောင့် လုပ်ငန်းများ စတင်ခြင်းမရှိသေးသည်ကို သိလိုကြောင်း၊ ယခုလက်ရှိ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီ ၉၀ကျော် ရှိသည့်အနက် အချို့သော ပါတီများမှာ ပါတီဝင် အရေအတွက် အနည်းငယ်ဖြင့် ပါတီထူထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေကြသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ ပါတီဝင်အရေအတွက်ကို ကန့်သတ်သွားမည်ဆိုသည့် သတင်းများကိုလည်း ကြားနေရကြောင်း၊ အကယ်၍ ကန့်သတ်ရန် အစီအစဉ်ရှိပါက ပါတီဝင် အရေအတွက်မည်မျှရှိလျှင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ သတ်မှတ်ထားသည့် ပါတီဝင်အရေအတွက် မပြည့်မီပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုသည့် ကန့်သတ်ချက်မျိုး ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က ယခုမေးခွန်းကိုမေးမြန်းသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ရွေးကောက်ပွဲ ပြင်ဆင်မှုအပိုင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သကဲ့သို့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်းများအလိုက် ပုံမှန် Circulation အရ ဆောင်ရွက်ရသည့် ရွေးကောက်ပွဲများဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲများအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအကြိုကာလ ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ အလွန်ကာလ လုပ်ငန်းစဉ်များဟူ၍ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအတိုင်း Timeline များ၊ Schedule များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုကျင်းပမည့် ရွေးကောက်ပွဲမှာမူ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးကျင်းပရမည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့ပင်ဖြစ်စေကာမူ သတ်မှတ်ချက်၊ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် အရေးကြီးသည့် အချက်များမှာ ဥပဒေမူဘောင်များ၊ ဥပဒေများ၊ နည်းဥပဒေများဖြစ်ကြောင်း၊ ထိုကိစ္စများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ကိစ္စများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သော်လည်း အချို့ကိစ္စများမှာမူ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အခြားတစ်ခုမှာ အရေးကြီးကိစ္စတစ်ခုဖြစ်သည့် Civic and Voter Education ကိစ္စများကိုလည်း ဆောင်ရွက်ထားကြောင်း၊ ယခုလတ်တလောတွင် ဥပဒေပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့်ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးစီးပါက တစ်ပြိုင်နက်တည်း ဥပဒေနှင့်အတူ Follow Up လုပ်မည်ဖြစ်ကြောင်း။
အရေးအကြီးဆုံးကိစ္စတစ်ခုမှာ မဲစာရင်းဖြစ်ကြောင်း၊ ထိုမဲစာရင်းကိစ္စကိုလည်း မိမိမကြာခဏ တင်ပြခဲ့ကြောင်း၊ မဲစာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိနိုင်ရန်အတွက် အလေးထား၍ဆောင်ရွက်နေကြောင်း၊ ထိုကိစ္စ ဆောင်ရွက်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း၊ အရေးကြီးကိစ္စဖြစ်သည့်အတွက် အချိန်ယူ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် အတော်ခရီးရောက်နေပြီဖြစ်ကြောင်း၊ Up-Date လုပ်၍ ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းသာ ကျန်တော့ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ရွေးကောက်ပွဲကို ခြောက်လအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ခြောက်လအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း၊ ဆောင်ရွက်ရမည့် အနေအထားသို့ ရောက်ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများနှင့်ပတ်သက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီများအနေဖြင့် အဆင့်အတန်းနှင့် အရည်အသွေး ပိုမိုမြင့်မားသည့်ပါတီများဖြစ်စေရန်အတွက် ပါတီဝင်အင်အားနှင့် ပါတီရန်ပုံငွေအင်အား တောင့်တောင့်တင်းတင်းရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပါတီရုံးခန်းများလည်း စနစ်တကျရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် ပိုမိုများပြားလာမည့် သဘောသဘာဝရှိကြောင်း၊ ထိုအချက်အလက်များကို ကြိုတင်မျှော်တွေး၍ ဥပဒေထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေး က မိမိမေးလိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ UEC ၏ Website တွင်လည်း ဖော်ပြထားကြောင်း၊ နိုင်ငံရေးပါတီများက ၎င်းတို့၏ နိုင်ငံရေးသဘောထားနှင့် ရပ်တည်ချက်၊ လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံများ ရေးဆွဲထားသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရေးဆွဲထားသည့် လုပ်ငန်းစဉ်များနှင့် မူဝါဒများကို လိုက်နာရန်ပျက်ကွက်ပါက UEC အနေဖြင့် မည်ကဲ့သို့သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ကို သိလိုကြောင်း၊ NLD ပါတီတစ်ခုတည်း သာမကဘဲ နိုင်ငံရေးပါတီများအားလုံးကို စစ်ဆေးတွေ့ရှိချက်များအပေါ် UEC အနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က သတင်းထောက်ကြီးမေးမြန်းခဲ့သကဲ့သို့ UEC အနေဖြင့် ၂၀၂၁ ခုနှစ်ဩဂုတ်လ တတိယအပတ်မှစတင်၍ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့ကြောင်း၊ အချိန်ကာလတစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ထိုကာလအတွင်း တည်ဆဲနိုင်ငံရေး ပါတီ ၉၂ ပါတီရှိသည့်အနက် ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် နိုင်ငံရေးပါတီ ခုနစ်ပါတီကိုလည်း စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပျက်ကွက်သည့်ပါတီများကို ယာယီတစ်နှစ် ရပ်ဆိုင်းခဲ့ခြင်းများလည်းရှိကြောင်း၊ ကျန်ရှိနေသည့်ပါတီများကိုလည်း အခြေအနေအပေါ်မူတည်၍ သတ်မှတ်ချက်နှင့်အညီ အစစ်ဆေးခံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးပါတီများတွင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းများရှိကြောင်း၊ ထိုစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ပျက်ကွက်ခြင်းတို့ကို ကျူးလွန်ပါက မည်ကဲ့သို့ အရေးယူသွားမည်ကို မေးမြန်းလိုသည်ဟုထင်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေသာဖြစ်ကြောင်း၊ ထိုဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ပါက UEC အနေဖြင့် အချိန်ကာလတစ်ခု သတ်မှတ်၍ ပျက်ကွက်ချက်ကို သတ်မှတ်ထားသည့်ကာလအတွင်း ဆောင်ရွက်ရန် အသိပေးမည်ဖြစ်ကြောင်း၊ သို့သော် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်း၊ ထပ်မံ၍ လိုက်နာဆောင်ရွက်ခြင်း မရှိသေးပါက အပြီးအပိုင်ပယ်ဖျက်ခြင်းများလည်းရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း။
အလားတူ ပါတီများ ရပ်တည်ပိုင်ခွင့်မရှိသည့် ကိစ္စများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ တို့တွင် ပါဝင်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သည်ဟု တိတိကျကျစစ်ဆေးတွေ့ရှိပါက ထိုပါတီမှာ ရပ်တည်ပိုင်ခွင့်ရရှိတော့မည် မဟုတ်ကြောင်း၊ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ပိုင်ခွင့်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်သည့် UEC က ထိုပါတီကို ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံရေး ပါတီတစ်ခုအနေဖြင့် ၎င်း၏ရပ်တည်ပိုင်ခွင့်မရှိသည့် အချက်နှင့် ငြိစွန်းပါက ပါတီဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွင် ပါဝင်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇ နှင့် ၄၀၈တို့တွင်လည်း ပါဝင်ကြောင်း၊ အခြားတစ်ခုမှာပုဒ်မ ၂၃အရ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အမိန့်များကို ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ ၂၄ (က)၊ (ခ)၊ (ဂ)၊ (ဃ) တို့နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်၍ရကြောင်း၊ မိမိတို့အနေဖြင့်ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောလိုကြောင်း ဖြေကြားသည်။
ဆက်လက်၍ Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေး က အစောပိုင်းတွင် ဆရာပြောကြားခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ရာခိုင်နှုန်း မည်မျှရေးဆွဲပြီး ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က အသစ်ရေးဆွဲနေသည့်ဥပဒေပြုရေး လုပ်ငန်းစဉ်တွင် Concern အဖွဲ့အစည်းဖြစ်သည့် မိမိတို့က ဥပဒေကို Initiate လုပ်၍ မူကြမ်းများကို ရေးဆွဲကြောင်း၊ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် ထိုဥပဒေများနှင့်ပတ်သက်၍ စိစစ်ခြင်းများ ဆောင်ရွက်ကြောင်း၊ ပြီးမှသာ ဥပဒေပြုနိုင်သည့် Authority ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဥပဒေပြုရေး လုပ်ငန်းစဉ်များအတိုင်း စိစစ်ခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးစီးပါက အမြန်ဆုံး အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က မိမိအနေဖြင့် ဒီမိုကရေစီခေတ်ပြောင်းကာလတွင် တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ USDP အစိုးရက ကျင်းပပေးသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် NLD အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတို့ကို သတင်းယူရင်းဖြတ်သန်းခဲ့ကြောင်း၊ မိမိ၏တွေ့ရှိချက်များကို ပြောရမည်ဆိုပါက တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် USDP အစိုးရက ကျင်းပပေးသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် မိမိတို့လို သတင်းမီဒီယာသမားများအတွက် လွတ်လပ်စွာသတင်းရယူခွင့် ရရှိခဲ့ကြောင်း၊ NLD အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၂၀ ပြည့်နှစ် NLD လက်ထက်ပြုလုပ်ပေးသည့် ရွေးကောက်ပွဲတွင် မိမိတို့တွင် ကန့်သတ်မှုများ အများအပြားရှိခဲ့ပြီး သတင်းရယူခွင့် လွတ်လပ်ခွင့်မရှိခဲ့ပါကြောင်း၊ အဆင့်အမျိုးမျိုး ဖြတ်သန်းခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းသမားများကို မေးသည့်အတွက် မိမိဖြေခဲ့ပါကြောင်း၊ မိမိမေးလိုသည်မှာ UEC အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်မည့် လာမည့်ရွေးကောက်ပွဲတွင် သတင်းမီဒီယာများအား ရွေးကောက်ပွဲသတင်းကို မည်မျှအထိ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူသည့်နေရာတွင် လွတ်လပ်စွာ ရယူခွင့်ပြုပေးနိုင်မည်၊ ကန့်သတ်မှုများလည်း NLD အစိုးရက လုပ်သကဲ့သို့ ကန့်သတ်မှုများ လုပ်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ အများယုံကြည်သည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် မီဒီယာများကို သတင်းယူခွင့်ပြုရမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုမည်လည်းဖြစ်ပါကြောင်း၊ မီဒီယာများ သတင်းယူခွင့် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မီဒီယာများသည် လွတ်လပ်စွာ သတင်းရယူခွင့်ရှိသကဲ့သို့ မဲပေးသည့် မဲဆန္ဒရှင်၊ မဲရုံတွင် တာဝန်ထမ်းဆောင်နေသည့်သူများ၏ ဆောင်ရွက်ချက်များကို မထိခိုက်ရန်လည်း လိုပါကြောင်း၊ လွတ်လပ်စွာ ဆန္ဒမဲပြုခွင့်ကိုလည်း နှောင့်ယှက်မှုပြု၍မရပါကြောင်း၊ ယင်းသို့ လိုအပ်ချက်များနှင့် အဆင်ပြေစေမည့် အနေအထားကို မိမိတို့ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ပြုလုပ်ရာတွင် ပြည်တွင်း/ပြည်ပ မီဒီယာများလည်းရှိကြောင်း၊ ပြည်တွင်းမီဒီယာများအနေဖြင့် သတင်းရယူမည့် ကော်မရှင်အဖွဲ့ခွဲများသို့ လျှောက်ထားပြီး မီဒီယာအသိအမှတ်ပြုမှု ကတ်ရယူရမည်ဖြစ်ကြောင်း၊ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာနှင့် ဆက်သွယ်ပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမီဒီယာများလည်း ပြန်ကြားရေးနှင့် ဆက်သွယ်ပြီးစိစစ်မှုခံယူကာ အသိအမှတ်ပြုကတ်ပြုလုပ်ပြီး သတ်မှတ်ချက်နှင့်အညီ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းယူခွင့်ပြုမည်ဖြစ်ကြောင်းနှင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ မီဒီယာလွတ်လပ်ခွင့်လည်းရှိသကဲ့သို့ မဲဆန္ဒရှင်နှင့် မဲရုံဝန်ထမ်းများ လုံခြုံရေးထိခိုက်မှုမရှိအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ NHP သတင်းဌာနမှ ဦးဝင်းဦး က ပြည်တွင်း/ပြည်ပ လေ့လာစောင့်ကြည့်သူများကို UEC အနေဖြင့် မည်ကဲ့သို့ message ပေးလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြည်တွင်း/ပြည်ပရွေးကောက်ပွဲ လေ့လာသူများ (Observer) အပိုင်းကို ယခင်ရွေးကောက်ပွဲများတွင်လည်း ခွင့်ပြုခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း စနစ်တကျ ခွင့်ပြုပေးရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက် က ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်ပွဲ အသိပညာပေးလုပ်ငန်းများကို ရွေးကောက်ပွဲကော်မရှင်က လုပ်ပေးသွားပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က အသိပညာပေးလုပ်ငန်းများလုပ်သည့်အခါတွင် နိုင်ငံပိုင်သတင်းစာ၊ နိုင်ငံပိုင် ရုပ်သံမီဒီယာများမှတစ်ဆင့် လုပ်ပါကြောင်း၊ မြေပြင်တွင် သတင်းစာနှင့်ဝေးနေသည့် လူတန်းစားများရှိကြောင်း၊ TV က ပေးသည့် message ကို မကြည့်ဘဲ ကိုရီးယားကားများကိုသာ ကြည့်နေသည့် လူတန်းစားများလည်း ရှိကြောင်း၊ အကုန်လုံးကို မလွှမ်းခြုံနိုင်သည်ကို တွေ့ရပါကြောင်း၊ ရွေးကောက်ပွဲ ပညာပေးနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်သည့် ပညာပေးလုပ်ငန်းစဉ်ကို ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း Civic and Voter Education သည် အရေးကြီးပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲသည် PR စနစ်ဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည်များကို ပိုမိုအသိပညာပေးရန် လိုပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်နှင့် ပြည်သူလူထုကို အသိပညာပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများလည်းရှိကြောင်း၊ သတင်းထောက်ကြီး ပြောသကဲ့သို့ State Media များသည် မိမိတို့အတွက် အဆင်အပြေဆုံးနှင့် အလွယ်ကူဆုံး ဆောင်ရွက်နိုင်သည့်ကိစ္စဖြစ်ပြီး ပျံ့နှံ့မှုကောင်းပါကြောင်း၊ State Media များဖြစ်သည့် TV၊ သတင်းစာ၊ ရေဒီယိုများမှလည်း ပုံမှန်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအခါ တချို့သတင်းစာများတွင် ဆောင်းပါးများထည့်ပြီး ဆောင်ရွက်နေပါကြောင်း၊ အလားတူ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးများကိုလည်း Civic and Voter Education စပြီး လုပ်နေပါကြောင်း၊ ထိုကဲ့သို့ လုပ်နေသည့်အဖွဲ့များက ၎င်းတို့နယ်မြေအလိုက် ဆောင်ရွက်ခြင်းတစ်ပိုင်းရှိပါကြောင်း၊ ယင်းနည်းဖြင့် တစ်ခုလုပ်မည်ဖြစ်ပါကြောင်း၊ အလားတူ ပါတီများက ယင်းတို့ပါတီအလိုက် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများကလည်း ယခင်ကတည်းကတိုင် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပါကြောင်း၊ အလားတူ Neutral ဖြစ်သည့် CSO အဖွဲ့များ၊ တခြားနည်းဖြစ်သည့် ပျံ့နှံ့မှုအားကောင်းသည့် မီဒီယာကတစ်ဆင့် လုပ်ဆောင်ခြင်းသည် ပိုပြီးထိရောက်နိုင်ခြင်းကြောင့် နည်းမျိုးစုံဖြင့် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဥပဒေ/နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက အသင့်စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ General Life သတင်းဌာနမှ ဦးအောင်ထူးထက် က ယခင်ရွေးကောက်ပွဲများတွင် မြေပြင်သတင်းရယူခြင်း၊ ရွေးကောက်ပွဲအကြိုကာလ သတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ Observer များ အပိုင်းနှင့်သက်ဆိုင်ရာ နယ်မြေအလိုက် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ အသိပညာပေး လုပ်ငန်းစဉ်တွင် အခြေခံတကျမဟုတ်ဘဲ ပညာပေးလမ်းစဉ် လွဲချော်နေခြင်းများကို တွေ့ရပါကြောင်း၊ ဆိုလိုခြင်းမှာ မဲဆန္ဒရှင်က မဲကိုမည်သို့ ထည့်ရမည့်အဆင့်ကို ကျော်လွန်ပြီး ၎င်းတို့အားပေးလိုသည့် ပါတီတစ်ခုခုကိုထည့်ရန်ဆိုသည်မျိုး ပကတိမြေပြင်အခြေအနေတွင် တွေ့ရပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဥပဒေ/နည်းဥပဒေတစ်ခုခုဖြင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ အကယ်၍ ယခုအချိန်တွင် ပေါ်ပေါက်ခဲ့ပါက မည်သို့ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က အပိုင်းနှစ်ပိုင်းရှိပြီး တစ်ပိုင်းမှာ Civic and Voter Education မဲဆန္ဒရှင်အသိ ပညာပေးခြင်းလုပ်ငန်း၊ ဒုတိယတစ်ခုမှာ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်း ဖြစ်ပါကြောင်း၊ ကာလတစ်ခုရောက်ပါက မဲဆွယ်စည်းရုံးခွင့်ပေးရခြင်းများရှိကြောင်း၊ မဲဆွယ်စည်းရုံးခြင်း ကာလတွင် မိမိပါတီ၊ မိမိကိုယ်စားလှယ်ကိုပေးရန်ကိစ္စ၊ စည်းရုံးဟောပြောခြင်းများကို မြေပြင်တွင် ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့် ကာလတစ်ခုတည်းတွင် သတင်းထောက်ကြီးပြောသည့် ကိစ္စမျိုးရှိနိုင်ကြောင်း၊ မဲဆွယ်စည်းရုံးခြင်း ဆောင်ရွက်မည့် ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Civic and Voter Education ပေးသည့်သူများသည် သမာသမတ်ရှိရှိပေးရမည်ဖြစ်ပါကြောင်း၊ Civicand Voter Education ပေးရင်း မဲဆွယ်စည်းရုံးသလိုဖြစ်၍ မရပါကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
People News Agency မှ ဦးကျော်စိုးဦး က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း အသစ်ရေးဆွဲထားခြင်းနှင့် ပတ်သက်ပြီးရှေ့တွင် ရှင်းပြခဲ့သည်ကို ကြားသိခဲ့ရပါကြောင်း၊ ဥပဒေအသစ်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် ပတ်သက်ပြီး တရားဝင်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် အစီအစဉ်၊ ယင်းတို့၏အကြံဉာဏ်ကို နားထောင်သွားရန် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စုစုပေါင်း လေးကြိမ်တွေ့ဆုံပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီအများစု တက်ရောက်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ခဲ့သည်များကို သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲ မည်ကဲ့သို့ကောင်းအောင်လုပ်မည်ဆိုသည်က တစ်ပိုင်း၊ မြန်မာနိုင်ငံနှင့် သင့်တော်သည့် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးနိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ အလားတူ ဥပဒေ/နည်းဥပဒေများ ပြဋ္ဌာန်းပြီးသည့် အချိန်၊ အခြားအကြောင်းကိစ္စများ ပေါ်ပေါက်လာသည့်အခါတွင် ပေါ်ပေါက်လာသည့်အပေါ် မူတည်ပြီး နိုင်ငံရေးပါတီများနှင့် မိမိတို့ ကော်မရှင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)