Skip to main content

နောင်ငင်း-ဝမ်ဆိုင်း(လွယ်)လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသ၊ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျိုင်းတုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာအုပ်စု နှစ်အုပ်စု၊ ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၉၂၇ အိမ်၊ လူဦးရေ ၅၀၅၇ ဦးအတွက် အကျိုး ဖြစ်ထွန်းစေမည့်အရှည် (၇/၆) မိုင်ရှိ နောင်ငင်း-ဝမ်ဆိုင်း(လွယ်)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးကြီးကြပ်ဆောင်ရွက်ကြရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသားကျောင်းသူများအား တွေ့ဆုံနှုတ်ဆက်၍ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်မှအားထားရသော ပညာတတ်လူငယ် လူရွယ်များဖြစ်စေရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေးအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဦးစီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ရုံးလုပ်ငန်း စာရွက်စာတမ်းများ ပေါက်ကြားမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်