၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော အကြမ်းဖက်လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းနှင့် ငွေကြေးထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့လျှင် တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးနေသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မွန်သူအောင် အား အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ မွန်သူအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကျော်သူရ သည် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးအမြောက်အများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဩဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် ကျော်သူရ အား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိလမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။
တရားခံ မွန်သူအောင်နှင့် ကျော်သူရတို့၏ ထွက်ဆိုချက်များအရ ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အောက်ပါအတိုင်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
- ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃၅)ကြိမ်၊ ငွေကျပ် ၁၉၄၇ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် တရုတ်ယွမ် ၁၉၀၀၀။
- ကျောက်မျက်လုပ်ငန်းရှင်များကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ် ၁၃၃ သိန်း။
- လူမှုကွန်ယက်မှတစ်ဆင့် မဟုတ်မမှန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တရားခံပြေး အိပန်ဆယ်လို(ခ)အိမ့်ပိုးဥ အား ငွေကြေးထောက်ပံ့ပေးမှု(၇)ကြိမ်၊ ငွေကျပ်သိန်း ၃၉၀၀ ။
- မန္တလေးတိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ်သိန်း ၁၂၀ ။
- မန္တလေးမြို့အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြသူများအား ငွေကျပ်သိန်း ၅၀ ။
မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် တရားခံ ကျော်သူရ သည် ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား စုစုပေါင်းငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ တရုတ်ယွမ် ငွေ ၁၉၀၀၀ တို့အား ထောက်ပံ့ကူညီခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ တရားခံ ကျော်သူရ နှင့် မွန်သူအောင် တို့သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ငွေကြေးအဓိက ထောက်ပံ့ပေးနေသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုနှင့်သက်ဆိုင်သော နေအိမ်၊ ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ အောက်ပါအတိုင်း နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်-
- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီး။
- ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်။
- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး။
- ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက်အဦ ၂ လုံး။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး။
- ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီး။
- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧကကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀၊ မြေသယ်ယာဉ် မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီး။
- သို့ဖြစ်၍ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် တရားခံ ကျော်သူရ ပိုင်ဆိုင် သည့် နေအိမ်၊ ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၈၄၄၉ ခန့်အား နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း။
တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ကျော်သူရအပြင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် အခြားစီးပွားရေးလုပ်ငန်းရှင်များသည်လည်း အလားတူ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးလျက် ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။