Skip to main content

အာဆီယံလူငယ်စကားရည်လုပွဲ ဒုတိယပတ်လည်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဩဂုတ် ၂၁    

အာဆီယံလူငယ် စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ဒုတိယပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ် (၆)ဦး Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together: ACT) ဆောင်ပုဒ်ဖြင့် ပထမအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဒုတိယပတ်လည် (Second Elimination Round) ပွဲစဉ်တွင် စင်္ကာပူနိုင်ငံအသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအသင်းတို့သည် "အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပိုမိုဖန်တီးကြရမည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအသင်းနှင့် အင်ဒိုနီးရှားနိုင်ငံအသင်းတို့သည် "ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုသည် လူသားများအားလုံးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်သည်" ခေါင်းစဉ်ဖြင့်လည်းကောင်း ယှည်ပြိုင်ကြသည်။

မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ လူငယ်ကိုယ်စားလှယ်(၆)ဦးတို့သည် မြန်မာအဖွဲ့(၂)အဖြစ် အဆိုပြုသည့်ဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဩဂုတ် (၄)ရက်နှင့် (၅)ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမပတ်လည် ပြိုင်ပွဲပွဲစဉ်နှင့် ဩဂုတ် (၂၁)ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယပတ်လည် ပြိုင်ပွဲပွဲစဉ်တို့တွင် အနိုင်ရရှိခဲ့သည့် အသင်း(၈)သင်းတို့၏ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို စက်တင်ဘာ (၄)ရက်နှင့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာ (၁၈)ရက်တို့တွင် Virtual Online စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်ကို အောက်တိုဘာ (၁၂)ရက်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ (၁၃)ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)