Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေ့စဉ်သုံး အခြေခံတရုတ်ဘာသာ စကားပြောသင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၁

“နေ့စဉ်သုံး အခြေခံတရုတ်ဘာသာစကားပြော သင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က မြန်မာ့ခရီးသွားဈေးကွက်တွင် တရုတ်ခရီးသွားဈေးကွက်သည် အလားအလာ အကောင်းဆုံးဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင် ကာလများတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ပြည်ပခရီးသွားများအနက် တရုတ်ခရီးသွား ဝင်ရောက်မှုမှာ ထိပ်ဆုံးနေရာ၌ ရှိနေပြီး ၎င်းတို့အနေနှင့် ပုဂံခရီးစဉ်ဒေသသို့ သွားရောက် လည်ပတ်ခြင်းကို ကြိုက်နှစ်သက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရုတ်ခရီးသွားများ၏ ဘာသာစကား၊ ဓလေ့စရိုက်၊ ထုံးထမ်းစဉ်လာများကို သိရှိနားလည်ပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးစွမ်းနိုင်ရန် ယခုတရုတ်ဘာသာစကား အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ တရုတ်ဘာသာစကားပြော သင်တန်းများအား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း။

ယခုသင်တန်းသို့ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်း (၁၈၆) ဦး၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်း(၁၃) ဦး၊ ဧည့်လမ်းညွှန်အသင်းမှ (၁၇)ဦး၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်များ အသင်းမှ (၂၀)ဦး၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များမှ (၂၀) ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ (၂၅) ဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ (၁၁) ဦး၊ ယွန်းကောလိပ်မှ (၁၀) ဦး စုစုပေါင်း (၃၀၂) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းသား/ သူများအနေဖြင့် ကြိုးစားသင်ယူကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာန ကျောင်းအုပ်ကြီး ဦးစက်တီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပုဂံမြို့ရှိ ဟိုတယ်(၁၂)လုံးကို ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ Enchanting Myanmar Health and Safety Protocol-HSP အစီအစဉ်အရ HSP နိုင်ငံအဆင့် အသိအမှတ်ပြု တံဆိပ်များပေးအပ်ခဲ့ပြီး ပုဂံမြို့ရှိဟိုတယ်များမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အရေးကြီးသောကြောင့် ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုသင်တန်း၊ ကွန်ပျူတာနည်းပညာ အခြေခံသင်တန်းနှင့် ဘာသာစကားသင်တန်းများကို နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)