နေပြည်တော် ဩဂုတ် ၂၀
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တို့မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော အောင်မြေသာစံမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် တမူးမြို့နယ်တို့မှPDF အဖွဲ့ဝင် အမျိုးသား ၆ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် စဉ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့ ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်တစ်ဦး၏ ဖခင်ဖြစ်သူက ကျေးဇူးတင်စကား ပြည်လည်ပြောကြားခဲ့သည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။