Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်မှာကြားရှင်းလင်း

နေပြည်တော် ဩဂုတ် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့်မှာကြားရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များနှင့် ဌာနအကြီးအကဲများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်ထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများအနေဖြင့် ကျန်ရှိနေသည့် ဘဏ္ဍာရေးနှစ်တွင် (၃)လပတ် အလိုက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းပြီးစီးမှုနှင့် ဘဏ္ဍာငွေသုံးစွဲမှုတို့ကို ဟန်ချက်ညီ ပြီးစီးသွားရန် လိုအပ်ကြောင်း။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအပိုင်းတွင်လည်း လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထု ထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူး ပေးပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခ များကိုလည်း ရာနှုန်းပြည့် အပြည့်အဝရရှိရေး ကောက်ခံသွားရမည်ဖြစ်ပါကြောင်း၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့ကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများတွင် မိမိတို့ကျရာ အခန်းကဏ္ဍများမှ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှုးများနှင့် အမှုဆောင်အရာရှိချုပ်များက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာငွေလျာထားသုံးစွဲမည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်