Skip to main content

PR စနစ်ကိုပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏မဲများ အဟောသိကံအလဟဿဖြစ်မှုနည်းပါးပြီး စွမ်းဆောင်ရည်မြင့်မားသောအစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၄ / ၂၀၂၂ ) သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်၌ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းပိုင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို သင်ကြားပို့ချပေးခဲ့သည့်အတွက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း။

အရာရှိများအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်းပြီး လုပ်ငန်းစဉ်အလိုက် သေသေချာချာ အသေးစိတ်လေ့လာရန်လိုသကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ၏ ဆိုလိုချက်ကို တိတိကျကျ နားလည်သဘောပေါက်ရန် လိုကြောင်း၊ သို့မှသာ လုပ်ငန်းများဆောင် ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဥပဒေနှင့်မညီသည့် ကိစ္စရပ်များကိုလည်း တားမြစ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် ချွတ်ချော်မှုများ ဖြစ်ခဲ့ပါက ကော်မရှင်၏သိက္ခာ၊ နိုင်ငံ၏ သိက္ခာကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိရအောင် သတိထားပြီး သဘောရိုးဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။

ကော်မရှင်အနေနှင့် ယခုအချိန်ကတည်းက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေနှင့်လည်း တာဝန်ကျရာနေရာသို့ ရောက်ရှိသည့်အခါ လုပ်ဆောင်ရမည့် အလုပ်များကို အချိန်နှင့်တစ်ပြေးညီပြီးစီးစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊ PR စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများ၏မဲများ အဟောသိကံအလဟဿဖြစ်မှု နည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင် ရည်မြင့်မားသော အစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူနည်းစု ပါတီများအနေဖြင့် ယင်းတို့ကို ထောက်ခံသောမဲများ အချိုးအရ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိလာမည်ဖြစ်ကြောင်း၊ PR စနစ်၏ သဘောသဘာဝနှင့် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် လေ့လာပြင်ဆင် ထားရန်လိုကြောင်း။

သင်တန်းသားဦးစီးအရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများသို့ ရောက်ရှိချိန်တွင် မြို့နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် မြို့နယ်ကို ခေါင်းဆောင်ပြီး ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်ကြရမည့်သူများ ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ခေါင်းဆောင်ကောင်းများအဖြစ် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်ပေး စေခိုင်းမှသာ ဆောင်ရွက် ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆက်စပ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရန်လိုကြောင်း၊ မြေပြင်အခြေအနေအရ ဖြစ်ပေါ်လာမည့် အကြောင်းကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ ရှိပြီးဖြစ်သည့်အတွက် ကြေညက်အောင် လေ့လာမှတ်သား ထားရန်လိုကြောင်း၊ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရမည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ဦးဆောင်ဦးရွက်ပြုပြီး ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်