Skip to main content

ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျ ဆင်းသွားပြီဖြစ်သဖြင့် ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် သုံးခွမြို့နယ် ကတုံးပေါ်အလယ်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် စာသင် ကျောင်းများ၌ လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် ရေဘေးသင့် ပြည်သူများအား စားသောက် ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်ကြသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် သာပေါင်းမြို့နယ်သစ်ဖြူကျေးရွာအုပ်စု သပြေကုန်းကျေးရွာရှိ နေအိမ် ၂၈ လုံး ပြိုကျပျက်စီးခဲ့ပြီး ရေဘေးသင့်ပြည်သူများသည် အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

အဆိုပါ နေအိမ်များပြိုကျပျက်စီးခဲ့သည့်ကျေးရွာသို့ ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ရေဘေးသင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ကြကာ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်