Skip to main content

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း(AACC)၏ (၅)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့တက်ရောက်

နေပြည်တော် ဩဂုတ် ၁၉

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးနှင့် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းတို့သည် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ (၅)ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်သည်။

အဆိုပါ (၅)ကြိမ်မြောက်ညီလာခံတွင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက်ရှိသော မွန်ဂိုလီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက “Recent Development of Constitutional Justice in Asia” ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

စာတမ်းများဖတ်ကြား

ညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြသည်။ ညီလာခံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက “The Constitutional Review in Challenging Times” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားပြီး AACC အဖွဲ့ဝင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များက စာတမ်းများ ဖတ်ကြား၍ အသိအမြင်အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

ထို့အတူ ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးကို ယနေ့တွင် ဆက်လက်ကျင်းပရာ AACC အဖွဲ့ဝင်နိုင်ငံပေါင်း (၂၀) မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်