နေပြည်တော် သြဂုတ် ၁၉
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ ၄ ခုတို့မှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်း ဆွေးနွေးနိုင်ရန် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ JWG ပဥ္စမအကြိမ် အစည်းအဝေး ကောက်နှုတ်ချက်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုပ်ငန်းကော်မတီများသို့ အကြောင်းကြားထားပြီးဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ Pilot Project အပါအဝင် ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) တို့က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်