နေပြည်တော် ဩဂုတ် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရွေးချယ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ရောက်ပြီး ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများကို ယမန်နေ့မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဦးစီးဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က ဖြည့်စွက်ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် အရာထမ်းများသည် ဌာန၏လုပ်ငန်းတာဝန်များကို သိရှိနားလည်ကြပြီးဖြစ်သော်လည်း မိမိတို့ဝန်ကြီးဌာနသို့ ယခုမှတာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိအသစ်များအနေဖြင့် ဌာန၏ ရည်မှန်းတာဝန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျလေ့လာမှတ်သား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဌာန၏လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက်အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံး သိရှိနားလည်ထားကြရန်နှင့် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လက်ရှိအခြေအနေအရ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်းများပီပီ မြန်မာ့အရေးအပြင် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့် အရေးကိစ္စများပါ လေ့လာသုံးသပ်၍ စဉ်းစားတွေးခေါ်ဆောင်ရွက်ကြရန်၊ ဘာသာစကားနှင့် နည်းပညာတတ်ကျွမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့်သိရန်နှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ပြည်သူက အားကိုးအားထားပြုသည့် ဝန်ထမ်းများဖြစ်စေရေး အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)