နေပြည်တော် ဩဂုတ် ၁၇
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေး ကော်မတီမှ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပသည်။
အစီအစဉ် ပထမပိုင်းတွင် အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနကို အလုပ် အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန အတွင်းသို့ လှည့်လည် ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
ယင်းနောက် အစီအစဉ် ဒုတိယပိုင်းကို အစည်း အဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ ရေးဆွဲ ပြုစုထားသည့် အကူသူနာပြု အလုပ်အကိုင်အတွက် စစ်ဆေး အကဲဖြတ်ပေးမည့် Assessment Center ကို နေပြည်တော်တွင် ပထမဆုံးအနေဖြင့် ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း။
ယခုဆိုလျှင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အကူသူနာပြု အပါအဝင် အလုပ်အကိုင် ၁၀ မျိုးအတွက် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၄ ခုကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး Nurse Aid (Level-2) အလုပ်အကိုင်နှင့် Elderly Care Assistant (Level-2) အလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲ၍ Trial Test များ ပြုလုပ်နိုင်ခဲ့ကာ ယခု Nurse Aid (Level-2) အလုပ်အကိုင်အတွက် ပထမ ဆုံးရရှိသည့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနဖြစ်ပါကြောင်း၊ ယင်းအလုပ်အကိုင် နှစ်ခုအတွက် Inspector နှစ်ဦးနှင့် Assessor ၁၁ ဦးတို့ကို အသိအမှတ်ပြုပေးထားပြီးဖြစ်ကြောင်း၊ NSSA အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးကဏ္ဍတွင် လိုအပ်နေသည့် အရည်အသွေးပြည့်မီသော အခြေခံ ကျွမ်းကျင်လုပ်သားကောင်းများ ပေါ်ထွက်လာနိုင်ရန် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်နေသည့် သင်တန်းကျောင်းများနှင့် ကျွမ်းကျင်လုပ်သားများ ကို အရည်အသွေးပိုင်းဆိုင်ရာ စိစစ်မှုများ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးများတွင် တဖြည်းဖြည်း မြှင့်တင်ဆောင်ရွက်သွားရန် လွန်စွာအရေးကြီး ပါကြောင်း၊ ထိုသို့ စိစစ်ရာတွင် အကူသူနာပြုသင်တန်းများကို ပုဂ္ဂလိကကဏ္ဍမှလည်း ဖွင့်လှစ် ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေးကော်မတီတို့က ဝိုင်းဝန်းထိန်းကျောင်းရန်လိုပါ ကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာ ကျင့်ဝတ်များကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်း၍ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက် နိုင်ကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် NSSA ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ် ရေးဌာန အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်