နေပြည်တော် ဩဂုတ် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉/၂၀၂၂ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့် ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှု များကို ပြန်လည်ဖြေကြားသည်။
ရှင်းလင်းပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေး လုပ်ငန်းစဉ် (၂) ရပ်တို့ အောင်မြင်စေရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့မှု အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည့် အခြေအနေများ။
ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက် ၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် EAO အဖွဲ့ ၁၀ ဖွဲ့တို့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အခြေအနေများနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိစဉ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေ အနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် ၂၀၂၂ ခုနှစ် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲ (International Army Game- 2022)နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အခြေအနေများ။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်း ကောင်းနိုင်ငံအဖြစ် လည်းကောင်း၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ်လည်းကောင်း၊ ဆွေမျိုးပေါက် ဖော်နိုင်ငံအဖြစ် လည်းကောင်း ခိုင်မာစွာ ရပ်တည်သွားမည့် အခြေအနေများ၊ (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့်ပတ်သက်၍ ဆောင် ရွက်ခဲ့မှုအခြေအနေများ။
ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှု အထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဒေသအချို့ တွင် အကြမ်းဖက်မှုလုပ်ရပ်များအပါအဝင် အခြား လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနဲ့ တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်ဖော်ပြသွားမည်
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြား မှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်