Skip to main content

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်း အထိ တိုးချဲ့စိုက်ပျိုးမည်

နေပြည်တော် ဩဂုတ် ၁၇

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများတက် ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ် ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ရေးကော်မတီက ဧပြီ ၂၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် - ၁/၂၀၂၂ ဖြင့် “ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုကြီး ကြပ်ရေးကော်မတီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားသုံးဆီ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်နေကြာနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရန် တွန်းအား ပေးဆောင်ရွက်သွားမည်ဖြစ်ရာ တောင်သူများ၏ လိုအပ်ချက်၊ ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အစည်းအဝေး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတွင် နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်းအထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ စီမံကိန်းအတွက် လိုအပ်သော ရန်ပုံ ငွေရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ သွင်းအားစုများဖြစ်သောမျိုး၊ မြေဩဇာ၊ ဒီဇယ်ဆီတို့ကို ရာသီအချိန်မီ ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုး မည့်ဧကများကို ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထား အထွက်ရရှိရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးထွက်ရှိသော နေကြာသီးနှံများ ဈေးကွက်ရရှိရေးနှင့် ဆီထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရေးအတွက် တောင်သူလယ်သမားများ၊ သီးနှံဝယ်ယူသူများနှင့် ဆီကြိတ်ခွဲရေး လုပ်ငန်းရှင်များအကြား မိတ်ဖက်ဖွဲ့စည်းခြင်းဖြင့် နေကြာသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်