Skip to main content

၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီ၏ (၁ /၂၀၂၂) ညှိနှိုင်းစည်းဝေး

နေပြည်တော် ဩဂုတ် ၁၇

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်အဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ပြည်ထောင်စု မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအရေ အတွက် ၉၉၄၂ ခု အနက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များသို့ လွှဲပြောင်းသည့်လုပ်ငန်း အရေအတွက်မှာ ၄၂၉ ခုရှိသည့်အတွက် ဝန်ကြီးဌာနများမှဦးစီး ဌာနအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအရေအတွက်မှာ ၉၅၁၃ ခု ဖြစ်ပါကြောင်း။

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်သို့ လွှဲပြောင်းပေးသည့် လုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းများ စိစစ်ပြီးပါက တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ အတည်ပြုချက်ရယူရန် ဘဏ္ဍာရေးနှစ် မကုန်မီပေးပို့ရန် လိုအပ်ပါကြောင်း၊ ရေးဆွဲပြီးခန့်မှန်းခြေ စာရင်းများကို သတ်မှတ်ထားသည့် အခွင့်အာဏာအလိုက် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုချက် (Technical Sanction) ချမှတ်ထားရန် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီမှ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု၊ ကျွမ်းကျင် မှုဆိုင်ရာခွင့်ပြုချက်အရ သုံးစွဲငွေနှင့် ခြားနားငွေများကို အတည်ပြု ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးမှုခံယူရာတွင် ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက် (Technical Sanction) ရယူထားသည့် ခန့်မှန်း ခြေစာရင်းဖြင့် စစ်ဆေးမှုခံယူရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီအနေဖြင့် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ Real Time Audit နှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေတင်ပြ မှုတို့အပေါ် ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်