ရန်ကုန် မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်ဘုရားဓမ္မာရုံတွင် covID-19 စောင့်ကြည့်လူနာ ၃၀ ခန့်ထားရှိရန် စီစဉ်ထားပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း စောင့်ကြည့်လူနာ ၁၀၀၊ ၁၅၀ ခန့်ထားရှိရန် လျာထားကြောင်း သာကေတမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းကပြောသည်။ "သာကေတ မြို့နယ် မှာတော့ coVID-19 နဲ့ပတ်သက်လို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်၊ အဲဒါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်အတိုင်းလုပ်တာပါ၊ မြို့နယ်မှာတော့ အထွေထွေအုပ်ချုပ်ရေး မှူးရုံးက ဦးစီးပြီးတော့ ၁၂ ဦးပါဝင်တဲ့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဆိုပြီး အဖွဲ့ ဖွဲ့တယ်။ အဲဒီမှာမှ ဒီအဖွဲ့ကို ကျွန်မတို့ ဘယ်လိုပံ့ပိုးမလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ မြို့မိမြို့ဖတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာနဲ့ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေ စုပေါင်းပြီး ကျွန်မတို့ကနေ ထောက်ပံ့ရေးကော်မတီဖွဲ့ထားပါတယ် "ဟု ၎င်းက ပြောသည်။
သာကေတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းထွန်းက “အခု သာကေတမြို့မှာ စောင့်ကြည့်လူနာတွေထားဖို့အတွက်ကို အားချင်းဆောင်ရွက်နေတာဖြစ်ပါတယ်၊ နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းနဲ့ နိုင်ငံခြားကပြန်လာတဲ့သူတွေကို စောင့်ကြည့်ဖို့ ပိုပြီးတော့ အဆင်ပြေအောင်ဆိုပြီး သတ်မှတ်ထားတဲ့နေရာများတွင် အသွားအလာကန့်သတ်ခြင်းကို စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်၊ အဲဒီလိုဆိုရင် နေရာကို ရွေးချယ်ရတယ်၊ နေရာရွေးတဲ့အခါမှာ ကျွန်တော်တို့က အခုဇိနမာရ်အောင်ဘုရားဓမ္မာရုံမှာ စစချင်းရွေးချယ်ထားတာပါ။ နောက်ပြီး အထက(၂) မှာလည်း ဒီက မလောက်ခဲ့လို့ရှိရင်ဆိုပြီး ပြင်ဆင်နေပါတယ်”ဟု ပြောသည်။ အဆိုပါ နေရာနှစ်ခုတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များကို ယခုအခါ COVID-19 နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား သိရှိလိုက်နာတတ်စေရန် ကျန်းမာရေး ဝန်ထမ်းများက ရက်တိုသင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။
"သီးခြားထားရှိရန်သတ်မှတ်ထားသည့်နေရာများ မဖွင့်ခင် အရေးကြီးဆုံးက ဘာလဲဆိုရင် ဒီမှာဆောင်ရွက်မယ့် လုပ်အားပေးကြမယ့် စေတနာ့ဝန်ထမ်း လုပ်သားတွေကို ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လုပ်ငန်းဆောင်ရွက်ရင်းနဲ့ သူတို့ကိုလည်း မကူးစက်ရအောင် ဆောင်ရန်၊ ရှောင်ရန်တွေ သိရှိရအောင် ရက်တိုသင်တန်းပေးတာဖြစ်ပါတယ်၊ ဇိနမာရ်အောင်မှာတော့ ခုတင် ၂၅ ခုလောက်ပဲဆံ့ပါတယ်၊ အထက(၂)မှာတော့ လူ ၁၀၀ လောက်ထားဖို့ အစီအစဉ်ရှိပါတယ်၊ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက်မှာ စထားဖို့ အစီအစဉ်ရှိပါတယ်”ဟု ဒေါက်တာသိန်းထွန်းက ဆက်လက်ပြောပြသည်။
အဆိုပါ အသွားအလာကန့်သတ်ခြင်း ပြုလုပ်မည့်နေရာတွင် နိုင်ငံခြားမှပြန်လာပြီး သာကေတမြို့နယ်သို့ ရောက်ရှိလာသူအားလုံးကို ထားရှိစောင့်ကြည့်သွားမည်ဖြစ်ပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်လွန်ကဲမှု မရှိစေရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းများအား လိုက်နာကျင့်သုံးကြရန်နှင့် သတင်းမှားများ မထုတ်လွှင့်ကြရန် လိုအပ်ကြောင်း သိရသည်။
အေးမင်းသူ၊ ဇာနည်မောင်