ရန်ကုန် ဩဂုတ် ၁၆
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ၁၈ ခုက ဇူလိုင် ၁၇ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဈေးကားများဖြင့် ဆီစားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စားသုံးဆီ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ ၁၈ ခုသည် ဈေးကား ၆၅ စီးဖြင့် တစ်ရက်လျှင် ရည်ညွှန်းဈေးနှုန်းကို အခြေခံကာ ဆီပိဿာချိန်ပေါင်း ၄၀၀၀၀ ကျော်ခန့်ကို နေ့စဉ် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ရာ ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၁၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီစားသုံးသူ ပြည်သူများထံသို့ စားသုံးဆီပိဿာချိန်ပေါင်း ရှစ်သိန်းကျော်အထိ ဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင် ဆီစားသုံးသူ ပြည်သူများထံသို့ ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။
ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင်လည်း စာသုံးဆီများအား ဈေးကားများဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ ဖြင့် ရောင်းချ ပေးလျက်ရှိရာပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြပ်မတ်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်