နေပြည်တော် ဩဂုတ် ၁၆
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်လူမှု ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ဝိုင်းဝန်းဆွေးနွေးပေးစေလို
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ ငါးနှစ်စီမံကိန်း (၂၀၁၉-၂၀၂၃) သည် မကြာခင် ပြီးဆုံးတော့မည် ဖြစ်သည့်အတွက်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သင်တန်းကျောင်းအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ရပ်ရွာအခြေပြုကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ် ထူထောင်၍ ရပ်ရွာအတွင်းရှိ ပြစ်မှုနှင့် ငြိစွန်းသည့် ကလေးသူငယ်ဖြစ်ရပ်များ၊ ပြစ်မှုနှင့် ငြိစွန်းခြင်းမရှိသည့် ကလေးသူငယ်ဖြစ်ရပ်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့်လည်း စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ၏ နောက်ဆက်တွဲ အခြေအနေများအရ ကလေးများမှာပညာရေးနှင့် အလှမ်းဝေးသည့် အနေအထားသို့ ရောက်ရှိ၍ ကလေးအလုပ်သမားများအဖြစ်သို့ ရောက်ရှိကြသည်ကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကလေးသူငယ်များအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ” ၏ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်