နေပြည်တော် ဩဂုတ် ၁၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် စာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်-၃၈ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ယခုသင်တန်းကို ဝန်ထမ်းများ၏ စစ်ဆေးရေးစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စာရင်းစစ်မှူးများသည် တာဝန်ထမ်းဆောင်ရသည့် ရုံးဌာနပေါ် မူတည်၍ စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးအဖြစ်သာမက အဖွဲ့ခေါင်းဆောင်အဖြစ်ပါ တာဝန်ယူဆောင်ရွက်ရသူများဖြစ်ရာ မိမိတို့ရုံး၏ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့် စာရင်းစစ်ဆေးခြင်းပညာရပ်ဆိုင်ရာ ပြုပြင်ပြောင်းလဲ တိုးတက်မှုများကို သိရှိလိုက်ပါဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။
စာရင်းစစ်များသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းခိုင်မာစေရန်အတွက် အခွန်ရငွေများ ပြည့်ပြည့်ဝဝရရှိစေရန်နှင့် အသုံးစရိတ်များသုံးစွဲရာတွင် ပြည်သူများအတွက် အမှန်တကယ်ထိရောက် အကျိုးရှိစေရန် စစ်ဆေးခြင်းဖြင့် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက် ထိန်းကျောင်းပေးကြရသူများဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ကြားသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်သည်အထိ လေ့လာသင်ယူ၍ မိမိဌာနနှင့် နိုင်ငံတော်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အခမ်းအနားသို့ တက်ရောက်လာသည့် သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယခုဖွင့်လှစ်သည့်သင်တန်းကို ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၈ ရက်အထိ သုံးပတ်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး ရုံးချုပ်မှနှစ်ဦး၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ နှစ်ဦး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံး အသီးသီးမှ ၁၀၇ ဦး စုစုပေါင်း သင်တန်းသား ၁၁၁ ဦး တက်ရောက်ကြမည်ဖြစ်ကာ ISSAI Based Financial Audit၊ ISSAI Based Performance Audit၊ ISSAI Based Compliance Audit အပါအဝင် ဘာသာရပ်ခြောက်ခုနှင့် Role Play ပုံစံဖြင့် လက်တွေ့ဆောင်ရွက်မှုများကိုပါ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်