Skip to main content

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်များ ချီးမြှင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့်ငွေနှင့် စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်။ အဆိုပါပုဂ္ဂိုလ်များသည် သက်တမ်းကာလအပြည့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက ဥပဒေအရရရှိသည့် လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။ ထို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာမှုအပေါ် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်(၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၈၈)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉၂)ဦး၊ စုစုပေါင်း(၄၉၁) ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်များကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ချီးမြှင့်ခဲ့သည့် နိုင်ငံရေးရာထူးရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၄၉၁)ဦးမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၅)ဦး၊

(ခ) တအောင်း(ပလောင်)အမျိုးသားပါတီမှ(၆)ဦး၊

(ဂ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၉၈)ဦး၊

(ဃ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၁၇)ဦး

(င) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၄၃)ဦး၊

(စ) လီဆူးအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ(၃)ဦး၊

(ဆ) ရခိုင်အမျိုးသားပါတီမှ (၃၉)ဦး၊

(ဇ) ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ (၄)ဦးစီဖြင့် စုစုပေါင်း(၈)ဦး

(ဈ) မွန်အမျိုးသားပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှ (၂)ဦးစီဖြင့် စုစုပေါင်း (၄)ဦး

(ည) ဒီမိုကရေစီပါတီသစ်(ကချင်) ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှ (၁)ဦးစီဖြင့် စုစုပေါင်း(၁၂)ဦး

(ဋ) နိုင်ငံရေးပါတီဝင်မဟုတ်သူ (၄၃)ဦး၊

(ဌ) တစ်သီးပုဂ္ဂလ (၃)ဦး။

၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့ထိ ငွေကျပ်သန်းပေါင်း (၄၀၄၀)သန်းကျော်အား ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာက သတင်းရရှိသည်။