ရန်ကုန် ဩဂုတ် ၁၆
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ရန်အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ လာရောက်အပန်းဖြေကြသည့် ပြည်သူများ၊ ပြည်တွင်းပြည်ပခရီးသွားများ ရေလမ်းခရီးဖြင့် လာရောက်လည်ပတ်နိုင်ရေးအတွက် ယခုဆိပ်ခံဗောတံတားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း တစ်နေရာတည်းတွင် လေ့လာနိုင်သည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ကုန်းလမ်း၊ ရေလမ်းစသည့် လမ်းနှစ်သွယ်ဖြင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆိပ်ခံဗောတံတားတည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးကောင်းမွန်စေရေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဆွေးနွေးတင်ပြပြီး တင်ဒါအောင်မြင်ခဲ့သည့် Regal Strength Co.,Ltd မှ တာဝန်ရှိသူက မြေပြင်တွင် ဆိပ်ခံဗောတံတားတည်ဆောက်ရန်အတွက် ဆောင်ရွက်သွား မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက အထွေထွေဆွေးနွေး တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆိပ်ခံဗောတံတားတည်ဆောက်မည့်နေရာသို့ မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)