ရန်ကုန် ဩဂုတ် ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အမှာစကားများ ပြောကြားကြသည်။
အစီအစဉ်အရ တာဝန်ရှိသူများက အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှ ထုတ်လုပ်မှုအလေ့အကျင့်သို့ ကူးပြောင်းခြင်း၊ ပြည်တွင်းပြည်ပ လျှပ်စစ်ပစ္စည်း ကိရိယာများစစ်ဆေးခြင်း၊ မြန်မာနိုင်ငံရှိ ဓါတ်ခွဲခန်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် ဆောင်ရွက်နေခြင်း၊ ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး လိုအပ်သောအကြံပြုချက်များနှင့် မြန်မာနိုင်ငံ သစ်တောထောက်ခံချက် ပြုရေးတို့ကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားအဆင့် အရည်အသွေး အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လိုအပ်ချက်များနှင့် အကြံပြုချက်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အစိုးရ−ပုဂ္ဂလိကကဏ္ဍများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)