Skip to main content

ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြုဆောင်ရွက်လျက်ရှိသော ဘိလပ်မြေ စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း တည်ဆောက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြု ဆောင်ရွက်လျက်ရှိသော ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ်ဓာတ်အား စနစ်တကျ ရယူ/သုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးအား ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ဘိလပ်မြေ စက်ရုံအသီးသီးအနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေး လျက်ရှိသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် အပူစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် အစရှိသော စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အားရယူနိုင်ရေး စီမံဆောင်ရွက်သွားနိုင်ပါကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် လိုအပ်သောနည်းပညာကိုလည်း ဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါကြောင်းနှင့် အခက်အခဲရှိပါက ပြန်လည်တင်ပြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက်  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သက်ဆိုင်ရာနယ်မြေများရှိ ဘိလပ်မြေစက်ရုံများ၏ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ရယူ/သုံးစွဲ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)