နေပြည်တော် ဩဂုတ် ၁၆
သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၄/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ် (ကြို့ကုန်း) တွင် ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး သယံဇာတထုတ်ယူသုံးစွဲခြင်းအား သစ်တောကာကွယ်ထိန်းသိမ်းခြင်းကို ဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံးလိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ထွက်ရှိလာသော သစ်များကိုလည်း တန်ဖိုးမြှင့်သစ်အချောထည်များ ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးရေးတွင် သစ်အခြေခံစက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ သစ်အခြခံစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်၍ Teamwork ဖြင့် ဆောင်ရွက်သွားရန်နှင့် နည်းပညာ/လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထုတ်လုပ်သည့် သစ်အချောထည်များ ပြည်တွင်း/ပြည်ပ စျေးကွက်ရရှိရေး၊ ဝယ်လိုအားရရှိမှု အပေါ်မူတည်၍ လပ်ပုံတင်ဒါပမာဏကို ချိန်ဆဆောင်ရွက်ရေး၊ ကျွန်းနှင့်သစ်မာ တင်ဒါကိစ္စရပ်များ ပိုမိုအဆင်ပြေချောမွေ့စေရေး၊ စနစ်တကျဖြစ်စေရေးနှင့် ရေတိုရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက် ချမှတ်အကောင်အထည်ဖော်ရေး အထူးကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထွန်းအုံ က အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်သော လုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများချမှတ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)