နေပြည်တော် ဩဂုတ် ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(သန်လျင်)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က အကြီးအကဲများလမ်းညွှန်ထားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်မှု၊ စာမေးပွဲဖြေဆိုပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များကို တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီးကြပ်သွားရန်၊ ဆရာ၊ ဆရာမများအနေ ဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် သင်ကြားရေးတာဝန်များကို အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေး အထူးအလေးထားဆောင်ရွက်သွားကြရန်၊ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များကိုလည်း အစဉ်အမြဲသတိပြုနေထိုင်သွားကြရန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ စာကြည့်တိုက်အသစ် ပြောင်းရွှေ့ထားမှု၊ Motivation Room ဆောင်ရွက်နေမှု၊ ပထမနှစ် ကျောင်းသားများအား ရေကူးသင်ကြားပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများအတွက် Fitness Centre ပြင်ဆင်ထားရှိမှု၊ Laboratory အခန်းများ ပြင်ဆင်ထားမှု၊ အလုပ်ရုံနှင့် Towing Tank အဆောင် များတွင်လုပ်ငန်းဆောင်ရွက်နေမှု၊ ဘောလုံးကွင်းအကြီးစားတည်ဆောက်နေမှု၊ တက္ကသိုလ်ဝင်းအတွင်းရှိ ပလက်ဖောင်းခင်းကျင်းနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်တည်ဆောက်မည့်နေရာ အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်