အခုလ ၁၃ ရက်နေ့လောက်ကနေစပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို တွေ့ရှိခဲ့ပါတယ်။ အဓိကဖြစ်ပေါ်ခဲ့တာကတော့ မန္တလေးမြို့မှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းလောက်နဲ့ ညပိုင်းလောက်မှာ ပုံမှန်ရောင်းချပေးနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ဆီဆိုင်တွေမှာတောင်မှ ကောလာဟလတွေကြောင့် စက်သုံးဆီကို စုပြုံပြီးဝယ်ယူကြတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါတယ်။ သတင်းမရတဲ့ စက်သုံးဆီဆိုင်တချို့မှာလည်း စက်သုံးဆီကိုချွေပြီး ရောင်းတာတို့၊ ဆီကုန်သွားပြီလို့ပြောတာမျိုးတွေရှိခဲ့ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တချို့မှာ စုပြုံပြီးတော့ဝယ်ယူကြတယ်။ အဲဒီလိုစုပြုံပြီးဝယ်ယူကြတဲ့အတွက် စက်သုံးဆီပြတ်လပ်တဲ့ ပုံစံမျိုးဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အရန်စက်သုံးဆီတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းပြန်လည်ဖြည့်ဆည်းပေးနေပါတယ်။ ဒါပေမယ့်ကြားထဲမှာ အနည်းငယ်ပြတ်လပ်သွားတာတော့ရှိပါတယ်။ ကောလာဟလသတင်းတွေထုတ်လွှင့်ပြီးတဲ့နောက်မှာ ဒီလိုကိစ္စတွေဖြစ်လာတာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဖို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ ဩဂုတ် ၁၄ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘောတစ်စင်း ဆိုက်ကပ်ပြီးတော့ စက်သုံးဆီတွေချခဲ့ပါတယ်။ ဩဂုတ် ၁၅ ရက်နေ့မှာဆိုရင်လည်း စက်သုံးဆီတင်သင်္ဘော ၄ စင်းဆိုက်ကပ်ပြီးတော့စက်သုံးဆီတွေချနေပါတယ်။ 92, 95, Diesel နဲ့ Premium Diesel တန်ချိန် ၆၀၀၀၀ လောက်ဒီနေ့ချနေပါတယ်။ ဂါလန် ၁၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ 92 တန်ချိန် ၂၇၀၀၀ ကျော်၊ 95 တန်ချိန် ၃၀၀၀ ကျော်၊ Diesel တန်ချိန် ၆၀၀၀ ကျော်နဲ့ Premium Diesel တန်ချိန် ၂၂၀၀၀ ကျော်ကိုဒီနေ့ဆိပ်ကမ်းမှာ တစ်ပြိုင်တည်းချနေပါတယ်။ အခုလ ၁၈ ရက်နေ့မှာ စက်သုံးဆီတန်ချိန် ၂၀၀၀၀ လောက်ထပ်ပြီး ဝင်လာဖို့ရှိပါတယ်။ ၁၉ ရက်နေ့မှာ ဆိုရင်လည်း စက်သုံးဆီ တန်ချိန် ၂၃၀၀၀ လောက် ထပ်ပြီးဝင်ရောက်လာဖို့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း စက်သုံးဆီတင်သင်္ဘော ၁၂ စင်းလောက်ထပ်ပြီး ဝင်ရောက်လာဖို့ရှိပါ တယ်။ အခုလတ်တလော ဆိပ်ကမ်းမှာ စက်သုံးဆီ ဂါလန် ၁၃ သိန်းလောက်ချနေတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ကောလာဟလတွေ ထုတ်လွှင့်ပြီး ပြည်သူလူထုက စိုးရိမ်တကြီးနဲ့ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ ပမာဏထက် စုပြုံဝယ်ယူမှုဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောလိုပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့လည်း သွားပြီးထိန်းချုပ်လို့မရပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ စက်သုံးဆီနဲ့ ပတ်သက်ပြီး အခွန်တွေကိုလျှော့ပေါ့ပေးနေပါတယ်။ ဒါ့အပြင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေရောင်းချပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ အရှေ့ တောင်အာရှအိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီဈေးနှုန်းက ကျွန်တော်တို့နိုင်ငံအထဲမှာ ရောင်းချနေတဲ့ဈေးနှုန်းထက် ပိုပြီးမြင့်တက်နေတာကို နှိုင်းယှဉ်ကြည့်ရင်သိနိုင်ပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် စက်သုံးဆီပမာဏ တန်ချိန် ၆၀၀၀၀ လောက် သီလဝါဆိပ်ကမ်းမှာ ဒီနေ့ချနေပါတယ်။ ဂါလန်နဲ့တွက်မယ် ဆိုရင်ဂါလန်၁၃ သိန်းလောက်ရှိပါတယ်။ အရန်စက်သုံးဆီတွေရှိနေသလို နောက်ထပ်ဝင်ရောက်လာမယ့် စက်သုံးဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြည်သူလူထုရဲ့စားဝတ်နေရေးတို့နဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ပေးနေပါတယ်လို့ ပြောလိုပါတယ်။