ရန်ကုန် ဩဂုတ် ၁၅
Mekong – Lancang Cooperation Special Fund (2020) လက်အောက်ရှိ အစားအစာဆန်းသစ်တီထွင်မှုဌာနဖွင့်ပွဲနှင့် တန်ဖိုးမြှင့်သစ်သီးခြောက်ထုတ်ကုန်များထုတ်လုပ်ခြင်းဆိုင်ရာ နည်းစဉ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန Food Innovation Center (FIC) ၌ ကျင်းပသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Mr. Zheng Zhihang နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းတို့က အမှာစကားများပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Mr. Zheng Zhihang နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အစားအစာဆန်းသစ်တီထွင်မှုဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စားသောက်ကုန်ထုတ်လုပ်မှုစက်များဖြင့် စားသောက်ကုန်ထုတ်လုပ်နေမှုများကို ကြည့်ရှုကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ မဲခေါင်-လန်ချန်း(၆)နိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ သံရုံးများမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အဆိုပါ တန်ဖိုးမြှင့်သစ်သီးခြောက်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဆိုင်ရာ နည်းစဉ်သင်တန်းသို့ မြန်မာနိုင်ငံမှသင်တန်းသား ၅၅ ဦး တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်များက ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာ အွန်လိုင်း (Virtual mode)ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည်။
ထို့အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက မိုက်ခရိုဝေ့ဖ်နည်းပညာအသုံးပြု၍ အခြောက်ခံခြင်း၊ လေပူဖြင့်အဆင့်မြင့်အခြောက်ခံခြင်း အလေ့အကျင့်များနှင့် အအေးခံ၍အဆင့်မြင့်အခြောက်ခံခြင်းတို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။
အနာဂတ်တွင် အစားအစာဆန်းသစ်တီထွင်မှုဌာနသည် သစ်သီးများအဆင့်မြင့်အခြောက်ခံခြင်းကို လက်တွေ့စမ်းသပ်ပေးခြင်းဖြင့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များနှင့် တက္ကသိုလ်များမှသုတေသီများအနေဖြင့် အထောက်အပံ့ကောင်းများရရှိကြမည် ဖြစ်သည်။ ဤစီမံကိန်းသည် မြန်မာနိုင်ငံရှိလယ်ယာထွက်ကုန်များမှ ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ပံ့ပိုးပေးမည်ဖြစ်ရာ MSMEs လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်သစ်များကို ဈေးကွက်သို့ဖြန့်ချိနိုင်ရေးအတွက် အစားအစာဆန်းသစ်တီထွင်မှုဌာန၌ Pilot Scale စမ်းသပ်ထုတ်လုပ်နိုင်မည့်အခွင့်အရေးများလည်း ရရှိကြမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်းသည် ဒေသတွင်းနိုင်ငံများအား တန်းတူအခွင့်အရေးရရှိရန် စီမံကိန်းရလဒ်များကို မျှဝေပေးနိုင်မည်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မဲခေါင်ဒေသအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်အကျိုးခံစားခွင့်နှင့် အပြန်အလှန် ယုံကြည်မှုခိုင်မာစေရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံက ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်