နေပြည်တော် ဩဂုတ် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သောအရာ ထမ်းငယ်များအတွက်ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy - CID) အမှတ်စဉ်(၇/၂၀၂၂ )သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
(၃၄) ဦး တက်ရောက်
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၄ ဦး တက်ရောက်ကြသည်။
သင်ကြားပို့ချသွားမည်
သင်တန်းတွင် သံတမန်အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာဥပဒေများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ သံတမန်ရေးရာများ၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာများ၊ နိုင်ငံသားအကျိုးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့် လက်တွေ့အသုံးချအင်္ဂလိပ်စာကျွမ်းကျင်ရေးဘာသာရပ်များကို စာတွေ့လက်တွေ့ ရက်သတ္တ ၁၂ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်