Skip to main content

မျိုးရိုးဗီဇပြောင်းရောဂါပိုးကိုကာကွယ်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲ။ ဆက်လက်ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမရှိကြသည်ကို တွေ့ရသည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ တတိယလှိုင်းကဲ့သို့ လူအသေအပျောက်မရှိသလောက်ဖြစ်၍ စိုးရိမ်ပူပန်မှုနည်းရသည်ဟု ထင်မြင်ပါသည်။ ရောဂါကင်းစင်ကျန်းမာခြင်းသည် အကောင်းဆုံးဖြစ်၍ ရောဂါကူးစက်မှုမရှိအောင် သတိမူနေထိုင်ကြရမည်ဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါမျိုးကွဲဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ၎င်းရောဂါပိုးကို ဆေးပညာရှင်များက အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်လ်တာနှင့် အိုမီခရွန်ဟု အမည်သတ်မှတ်ခဲ့သည်။ ၎င်းရောဂါပိုး ငါးမျိုးစလုံးတွင် ထူးခြားသည့် အစွမ်းသတ္တိအသီးသီးရှိပြီး နောက်ဆုံးပေါ်ထွက်လာသော အိုမီခရွန်မျိုးကွဲသည် ရှေ့တွင်ဖြစ်ပေါ်ခဲ့သည့် မျိုးဗီဇများထက် ကူးစက်မှုပိုမိုလျင်မြန်သည့်အပြင် ၎င်းမျိုးကွဲမှ ပုံတူပုံပွားမျိုးကွဲအမျိုးမျိုး ပေါ်ထွက်နေခြင်းဖြစ် သည်။ ရောဂါကူးစက်ခံရပါက အသက်သေဆုံးနိုင်ခြေနည်းသော်လည်း နေမကောင်းမကျန်းမာ လူမမာသဖွယ်ခံစားနိုင်သဖြင့် သတိပြုရမည်ဖြစ်သည်။

အိုမီခရွန်၏ ရောဂါဇာစ်မြစ်ကို ဆေးပညာရှင်များ လေ့လာတွေ့ရှိချက်အရ လက်ရှိအိုမီခရွန်သည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းအား အဓိကတိုက်ခြင်းဖြစ်ပြီး စတင်ဖြစ်သည့်အခါ ခေါင်းမူးခြင်း၊ နွမ်းနယ်ခြင်းတို့ဖြစ်ပေါ်သည်။ အခြားလက္ခဏာများမှာ ဖျားခြင်း၊ အလွန်အကျွံ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင် ခြင်းနှင့် နှလုံးခုန်နှုန်းများ နေခြင်းတို့ဖြစ်တတ်ပါသည်။ အဆုတ်ကို ထိခိုက်မှုနည်းသောကြောင့် ယခင်ကကဲ့သို့ အသက်ရှူရခက်ခြင်း၊ အနံ့ပျောက်ခြင်းတို့ မဖြစ်ပေါ်ပါ။ တတိယလှိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒယ်လ်တာမျိုးကွဲမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်းအဆုတ်ကို အဓိကတိုက်ခိုက်သောကြောင့် ရောဂါပြင်းထန်ပြီး လူနာအများစုတွင် အောက်ဆီဂျင်ကျသဖြင့် အသက်သေဆုံးမှုများခဲ့ရခြင်းဖြစ်သည်။

အိုမီခရွန်ဗီဇမျိုးကွဲများကူးစက်ခံရပါက အသက်သေဆုံးနိုင်ခြေမရှိသော်လည်း မျိုးကွဲမျိုးစိတ်အမျိုးမျိုးဖြင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်အောင် ဆောင်ရွက်လာနိုင်မှုကို သတိပြုရမည်ဖြစ်သည်။ ဆေးပညာရှင်များက အိုမီခရွန်ရောဂါမျိုးကွဲသစ်များကို မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ပြင်းထန်သောလက္ခဏာရှိသည့် မျိုးစိတ်သစ်တွေ့ရှိပါက အလျင်အမြန်တုံ့ပြန်နိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယခုလ ၁ ရက်နေ့မှ စတင်၍ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၃၂ ခုအား အဆင့်ဆင့်စစ်ဆေးခဲ့ရာ ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများမှ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2.75 တွေ့သူနှစ်ဦး၊ BA.4 တွေ့သူတစ်ဦး၊ BA.5 တွေ့သူ ၂ ဦး စုစုပေါင်း ၂၅ ဦးတွင် ရောဂါပိုးသစ်များတွေ့ရှိခဲ့သည်။ ကျန် BA.2.76 တွေ့ရှိသူ တစ်ဦးနှင့် BA.5 တွေ့ရှိသူ ခြောက်ဦး စုစုပေါင်း ခုနစ်ဦးမှာ ပြည်တွင်း၌ ကူးစက်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာကျန်းမာရေးဆိုင်ရာပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိုမီခရွန်မျိုးရိုးဗီဇ ပြောင်းရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းကြောင်း သိရှိရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည်ကိုတွေ့ရသဖြင့် ရေရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်ပြီးသူများတွင် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ထပ်ဆောင်းထိုးနှံပြီး ခြောက်လပြည့်လျှင်လည်း ထပ်မံ၍အပိုဆောင်းထိုးနှံခြင်းများကို စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ပေသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ လူမှုဘဝနယ်ပယ်တွင် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်၍ ကျန်းမာစွာ နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် ရောဂါမဖြစ်ပွားရေး၊ ရောဂါကူးစက်မှုမရှိရေးကို အထူးသတိပြုလိုက်နာလုပ်ဆောင်ကြရမည်ဖြစ်သည်။ လူစုလူဝေးများရာနေရာဒေသများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေရေးအတွက် အသိပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်နှင့် ပြည်သူများကလည်း လိုက်နာဆောင်ရွက်ကြပြီး လူအများစုဝေးရာတွင် မဖြစ်မနေလုပ်ကိုင်ကြမည့်သူများအနေဖြင့် အပိုဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြရန်လိုမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်