နေပြည်တော် ဩဂုတ်လ(၁၅)ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁.၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃.၈၅၅ ဧကကို နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရာထူးအရှိန်အဝါကိုအသုံးပြု၍ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်းပေးချေခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အဆောက်အဦနေအိမ်ကို အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ် ၁.၆ ဘီလီယံကျော်ကို မလျော်သြဇာအသုံးပြု၍ သုံးစွဲဆောက်လုပ်စေခဲ့ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၆၀)ရှိ မြေ ၁.၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊
နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဥတ္တရသီရိမြို့နယ်ရှိ တစ်ဆက်တစ်စပ်တည်းဖြစ်သော မြေဧရိယာ ၁၀၁.၃၃ ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ ၂၃.၈၅၅ ဧက လျှောက်ထားရယူရာတွင် ၁၈-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၀)မှ မြေနေရာချပေးခြင်းနှင့် မြေငှားစာချုပ်(ဂရန်) ထုတ်ပေးရာတွင် သတ်မှတ်ထား သော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့ ကြောင်း၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ရေလည်းကောင်း ၈-၇-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁၊ ၂၅/၂၀၂၁ တို့ဖြင့် မန္တလေးတိုင်းဒေသကြီး သီးသန့်တရားရုံး (နေပြည်တော်)တွင် ရုံးထိုင်စစ်ဆေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁၊ ၂၅/၂၀၂၁ အမှု လေးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်စီဖြင့် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ အမှုသုံးမှုအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန်၊ ဒေါက်တာမျိုးအောင်အား ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁ ၄/၂၀၂၁ အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန်၊ ဦးရဲမင်းဦးအား ရာဇဝတ်ကြီးမှုအမှတ် ၄/၂၀၂၁ အမှုတစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်၊ ဦးမင်းသူ ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁ အမှုတစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။