Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်းပါဝင်သောတရားခံများအား ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအားမလိုလားသော ပြည်သူများ၏ သတင်းပေးပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်သည့် တရားခံများဖြစ် သော ဝေပိုင်ဖြိုး(၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ စံပယ်အောင်အောင်(၃၄)နှစ်တို့ ၂ ဦးအား မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကညင်ငူကျေးရွာရှိ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံဝေပိုင်ဖြိုးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် မြန်အောင်မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ဟင်္သာတအကျဉ်းထောင်၌ ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ကျခံခဲ့ရပြီး နိုင်ငံတော်အစိုးရ၏ ပြစ်ဒဏ်ဖြေလျော့ပေးမှုများဖြင့် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း၊ အဆိုပါပြစ်ဒဏ်ကျခံခဲ့ရမှုမှာ ၎င်းနှင့် တစ်ရွာတည်း နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးမှ တိုင်ကြားခဲ့ခြင်းကြောင့်ဟုယူဆကာ ပုဂ္ဂိုလ်ရေးအရ တစ်ဖက်သတ်ရန်ငြှိုးထားခဲ့ကြောင်း၊ သို့ဖြစ်၍ ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင် ရိုးမဧရာ အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ ဇင်မျိုးအောင်(ခ) ဇော်မျိုးအောင် (ခ)သားပေါက်နှင့် ဆက်သွယ်ချိတ်ဆက်ကာ အပြစ်မဲ့ပြည်သူ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးအပါအဝင် ပုဂ္ဂိုလ်ရေးအရမကျေနပ်သူ ၆ ဦး၏ အမည်စာရင်းအားပေး၍ ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခိုင်းစေခဲ့ခြင်းဖြစ် ကြောင်းနှင့် ၎င်း၏ဇနီးဖြစ်သူ စံပယ်အောင်အောင်သည် မြန်အောင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဗလန်းစိန်)၌ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် CDM ပြုလုပ်ကာ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေထိုင်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများအား လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမားများထံ သတင်းပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ ဝေပိုင်ဖြိုး၏ ထွက်ဆိုချက်အရ မြန်အောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ဖမ်းဆီးရန်ကျန်တရားခံ အေးမင်းအောင်နှင့် ကျော်သူတို့မှ ရိုးမဧရာအမည်ခံအကြမ်းဖက်အဖွဲ့မှ ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင် (ခ)သားပေါက် အား ငွေကြေးနှင့် လိုအပ်သောအထောက်အပံ့များပေးအပ်ကာ အကြမ်းဖက်မှုလုပ်ငန်းများ ကျူးလွန်စေသကဲ့သို့ တရားခံဝေပိုင်ဖြိုးမှလည်း မြန်အောင်မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာများနှင့် ဆက်ဆံရေးအဆင်ပြေသော အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန်အတွက် ရိုးမဧရာ အမည်ခံအကြမ်းဖက်အဖွဲ့မှ ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင်(ခ)သားပေါက်အား Wave Money မှတစ်ဆင့် ငွေကျပ် ၃ သိန်းလွှဲပြောင်းပေးအပ်ကာ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းရှေ့၌ ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင်(ခ)သားပေါက်နှင့် အဇ္ဇတို့ ၂ ဦးသည် လက်လုပ်မိုင်း ၁ လုံးအား ဖောက်ခွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးအား ၎င်းအား ထောင်ကျစေရန် ပြုလုပ်သူဟုစွပ်စွဲကာ ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင်(ခ)သားပေါက်နှင့် ငြိမ်းခန့်လင်း(ခ)တရုတ်ကြီးတို့ ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။