Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့၌ ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားများသို့တက်ရောက်

နေပြည်တော် ဩဂုတ် ၁၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်၌ကျင်းပသော ရုရှားဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုတံဆိပ်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းကို အထူးအလေးထားကာ ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော် (Tourist City)အဖြစ် အကောင်အထည်ဖော်ရန် လမ်းညွှန်ထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများတွင်လည်း ပါဝင်ပြသရန်လိုအပ်ပါကြောင်း၊ အလားတူ အာဆီယံမူဘောင်တွင် ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများရှိပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာန၏ website နှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ စာစောင်များတွင်လည်း ရုရှားဘာသာဖြင့် ထုတ်ဝေခြင်း၊ လွှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုသင်တန်းသို့ သင်တန်းသား (၅၀) တက်ရောက်ကြပြီး (၆)လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုတံဆိပ်ရရှိသော ပြင်ဦးလွင်ရှိ ဟိုတယ်(၁၀)လုံးအား အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ရှိ ဟိုတယ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဟိုတယ်(၁၉)လုံးမှ ဝန်ထမ်း(၁၁၄)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထပ်ဆောင်းထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်အားပေး ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် အစည်းဝေးခန်းမ၌ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌတို့နှင့်တွေ့ဆုံကာ တရုတ်ခရီးသွားဈေးကွက်ကိုမြှင့်တင်နိုင်ရေးအတွက် တရုတ်ခရီးသွားများအား ဖိတ်ခေါ်နိုင်ရေးနှင့် တရုတ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရုရှားဘာသာစကားသင်ကြားနေသော Language Lab သို့ သွားရောက်ကြည့်ရှုပြီး မန္တလေးမြို့ရှိ ဟိုတယ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဟိုတယ်ဝန်ထမ်း(၂၀၈)ဦး ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်းထိုးနှံနေမှုကို လိုက်လံအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)