Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့နံနက် ၁၁ နာရီတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းကျော်မြင့်၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်ခင်မေနှင့် တာဝန်ရှိသူများကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများတွင် ကိုးကွယ်မှုဘာသာပေါင်းစုံရှိရာ ဘာသာရေးဆိုင်ရာပွဲတော်များကိုလည်း အလေးထားဆောင်ရွက်ပေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုများ၊ အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ ဘာသာရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် အဓိကအားဖြင့် အမျိုးသားရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် (၈)နေရာ တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံငြိမ်းချမ်းသာယာရေးအတွက် ဘာသာရေးမခွဲခြားဘဲ ဆုတောင်းမေတ္တာပို့သပေးလျက်ရှိပါကြောင်း၊ မိမိတို့အဖွဲ့အစည်းအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ KN95 အမျိုးအစား Mask ၇၄၀၀ ကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)