နေပြည်တော် ဩဂုတ် ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၇၈၁ ဦး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် သံတွဲ မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၉၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၅၄၁၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နှင့် ယနေ့တို့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၃၆ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌ ကျောင်းသား ကျောင်းသူ ၁၂၁၅ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်