Skip to main content

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၃

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှပါသည်။ မိမိတို့တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသော မြို့၊ ရွာ (Clean city၊ Clean Village) များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိ မြို့ရွာသန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ်ရှစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့်ကွတ်ခိုင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ၁၂ မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်