ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းကအမှာ စကားပြောကြားသည်။
ထို့နောက် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီး ဥပဒေအကြံပေး ဦးထွန်းထွန်းဝင်း၊ ရုပ်သေးပညာရှင် ဦးရွှေကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် အနုပညာရှင်များက “ပေါင်းစုဆင်နွှဲ ခရိုင်ညီနောင်အောင်ပွဲ” သီချင်းဖြင့်ဖျော်ဖြေ တင်ဆက်မှုကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင်ပညာဌာနမှ ရုပ်သေးနည်းပြပညာရှင် ရွှေတံဆိပ်ဆုငါးဆုရှင် ဦးအောင်သန်းဝင်းနှင့်ရွှေတံဆိပ်ဆု ၁၉ ဆုရှင် ဒေါ်မေဝင်းသူတို့က ရုပ်သေးနှစ်ပါးသွားအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးမှ သူဌေးဝါဒသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ တစ်ပင်တိုင်မင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကိုလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုပန်းခြင်းတို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အလိုက် သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကြသည်၊၊
ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် အဆိုပါဘက်စုံခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များ၊ မိသားစုဝင်များနှင့် အနုပညာချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်။
ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဘာသာရပ်အလိုက်အကဲဖြတ်ပေးကြသည့် ဒိုင်အဖွဲ့များနှင့် ပံ့ပိုးကူညီအကြံပြုသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်၊၊
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ၌ ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့်၊ ဘာသာရပ်အလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုချီးမြှင့်ပေးအပ်ကြပြီး ဆုရရှိကြသူများ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်၊၊
ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲတွင် မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် ဆုတံဆိပ်အများဆုံးရရှိသော သန်လျင်မြို့နယ်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၏ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို သန်လျင်မြို့နယ်သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ယှဉ်ပြိုင်ကျင်းပရာ အဆိုပြိုင်ပွဲတွင် ၃၉ ဦး၊ အကပြိုင်ပွဲတွင် သုံးဦး၊ အရေးပြိုင်ပွဲတွင်သုံးဦးနှင့် အတီးပြိုင်ပွဲတွင် ၁၀ ဦး၊ ကွက်စိပ်ပြိုင်ပွဲတွင် နှစ်ဦး စုစုပေါင်း ၅၇ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်