နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု ဆည်ရေပေးဝေမှုတိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာအတွင်းရှိ စနစ်တကျလယ်ယာမြေ၌ ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းမငယ်ဆည်ရေသောက်စနစ်၊ လက်တံမြောင်း အမှတ်(၁၁)တွင် တူးမြောင်းပုံစံကျတူးဖော်ပြုပြင်ခြင်း၊ မြေသားတူးမြောင်းများ လိုင်နင်စီခြင်း၊ တူးမြောင်းအတွင်း ရေမှတ်တိုင်စိုက်ထူခြင်း၊ ရေပေးပြွန်များပြန်လည်စိစစ်ခြင်းနှင့် ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်းများ၊ ဆည်ရေပေးဝေမှုတိုးတက်ခေတ်မီရေး ရှေ့ပြေးဧရိယာအတွင်းရှိ စနစ် တကျလယ်ယာမြ ဧက ၁၂၀ တွင် လုပ်ငန်းများဆောင်ရွက်နေမှု၊ ရေအသုံးချသူများအဖွဲ့ ထပ်မံဖွဲ့စည်းခြင်းနှင့် တောင်သူများ ပူးပေါင်းပါဝင်သော ရေစီမံခန့်ခွဲမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးမှု၊ မိုးနေကြာ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာများကို တာဝန်ရှိသူများနှင့် ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်း သိသာစွာတိုးတက်ထွက်ရှိနိုင်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုဆောင်ရွက်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများကို အကျိုးရှိထိရောက်စွာသုံးစွဲရေး၊ တောင်သူအချင်းချင်း နည်းပညာဖလှယ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒေသနေတောင်သူများနှင့်အတူ (Rs to Cs) ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းတွင် ကောက်စိုက်နေမှုကို လည်းကောင်း၊ မြေအောက်ရေတိုင်းတာခြင်းနှင့် မိုးရေချိန်တိုင်းတာခြင်းဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဆင်သေရွာအုပ်စု ဇီးရိုင်းရွာရှိ မွေးမြူရေးတောင်သူတစ်ဦး၏ ကြက်မွေးမြူရေးခြံတွင် အသားတိုးကြက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ သနပ်ပင်ဆိပ်အနောက်ရွာရှိ ပုဂ္ဂလိက ဆိတ်မွေးမြူရေးခြံနှင့် ဝက်မွေးမြူရေးခြံများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းဆည်(လှေခွင်းတောင်)၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူကြမည့် တောင်သူများနှင့်တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့် ငါးမျိုးများမွေးမြူထုတ်လုပ်နိုင်ရေး၊ သဘာဝမြစ်ချောင်းများတွင် ငါးသယံဇာတပွားများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုတိုးတက်စေရေးအတွက် နိုင်ငံတော်ကဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ပေးနေမှုနှင့် ရေချိုငါးမွေးမြူရေး ထုတ်လုပ်မှုတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းများအထိ အားပေးဆောင်ရွက်နေမှုများကိုဆွေးနွေးပြောခဲ့ကြောင်း သိရသည်။
သတင်းစဉ်