နေပြည်တော် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတွင် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဆောင်ရွက်ဆဲစီမံကိန်းများအနေဖြင့် ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍လည်း လေစွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးနှင့် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းများအား ဓာတ်အားများပိုမိုသယ်ယူနိုင်ရေးတို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်/စက်မှုလက်မှုလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဓာတ်အားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်သာမက စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍသည်များစွာ တိုးတက်လာနိုင်မည်ဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ ကို ရှင်းလင်းပြောကြားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပို့လွှတ်နေမှုကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှုကိုလည်းကောင်း၊ စက်မှုဇုန်များရှိတာဝန်ရှိသူများက လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်