နေပြည်တော် ဩဂုတ် ၁၂
ဘဏ္ဍာရေး စည်းမျဉ်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက နေပြည်တော် ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းဆရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဝန်ထမ်း များ၏ လုပ်ငန်းတာဝန်များတွင် အဓိက အရေးကြီးအချက် တစ်ချက်ဖြစ်ပြီးဝန်ထမ်းများ မရှိမဖြစ်သိရှိရန် လိုအပ်သည့် ဘဏ္ဍာရေး စည်းမျဉ်းများဖြစ်သော ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှံးနစ်နာမှုမရှိစေရန်နှင့် မိမိတို့အသုံးပြုမည့် ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေအရ ဘဏ္ဍာငွေစီမံခန့်ခွဲ သုံးစွဲနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာငွေများ ဘဏ္ဍာငွေအရအသုံး ညီမျှစွာဖြင့် ဦးစားပေးကဏ္ဍများပေါ် မူတည်၍ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး အတွက် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် ပထမဆုရရှိသူ ဒေါ်အေးမြတ်မွန်၊ လက်ထောက် ညွှန်ကြားရေးမှူး (ရန်ကုန်ဘဏ်ခွဲ) ဒုတိယဆုရရှိသူ ဒေါ်နန်းနွယ်စိုး လက်ထောက် ညွှန်ကြားရေးမှူး (ရန်ကုန်ဘဏ်ခွဲ)၊ ပူးတွဲတတိယဆုရရှိကြသူများ ဖြစ်သည့် ဒေါ်မေသန္တာလင်း လက်ထောက် ညွှန်ကြားရေးမှူး (နေပြည်တော်)၊ ဒေါ်ခိုင်ဆုဝေ လက်ထောက် ညွှန်ကြားရေးမှူး (ရန်ကုန်ဘဏ်ခွဲ)နှင့် ဒေါ်အင်ကြင်းမေ၊ ဦးစီးအရာရှိ (ရန်ကုန်ဘဏ်ခွဲ)တို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများချီးမြှင့်ကြပြီး သင်တန်းသားများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ ယခု ဖွင့်လှစ်သည့် သင်တန်းသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန် ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့မှ အရာထမ်းများ တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ၁ဝ ရက်ဖြစ်သည်။
သတင်းစဉ်