Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဩဂုတ် ၁၂

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ ရိုးရာ အားကစားနည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်/လူရွယ် အများအပြား စိတ်ပါဝင်စားစွာဖြင့် လေ့ကျင့်ကစားနိုင်သည့် ကိုယ်ခံပညာရပ်တစ်ခု ဖြစ်ကြောင်း၊ ဂျူဒိုအားကစားနည်းသည် ၁၉၆၅ ခုနှစ်(၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အား ကစားပြိုင်ပွဲမှ ၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် ၂၅ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၇၄ ခုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ပြင် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင်လည်း ဂျူဒိုအားကစားနည်းဖြင့် ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ် နှစ်ခု၊ ကူရတ်အားကစားနည်းဖြင့် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူး ရယူပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှ ထူးချွန်မျိုးဆက်သစ် အားကစား သမားများကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးရန်နှင့် အောင်မြင်မှု အစဉ်အလာကောင်းများကို မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ ချုပ်အနေဖြင့် ဆက်လက်ထိန်း သိမ်းထားရန်လိုကြောင်း။

နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့် အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက်ရရှိစေ ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အားကစားလှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် မြန်မာ့ လက်ရွေးစင် အားကစားသမား ဟောင်းများအတွက် ထောက်ပံ့ ကူညီနိုင်ရေး အစီအမံများကို လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများအနေဖြင့် ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ်သလို အနိုင်ရခြင်းသည်လည်း ပဓာနကျ သည်ဆိုသော ခံယူချက်နှင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်း အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံတော်ကအားထား ရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြ စေလိုကြောင်း ပြောကြားပြီး “၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် အား ကစားသမားများမှ အားကစား သစ္စာအဓိဋ္ဌာန်(၄) ချက် ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်ပြီး ပထမနေ့ဂျူဒိုပြိုင်ပွဲ (အမျိုးသား)ခတပွဲစဉ် နှစ်ယောက် တွဲအသင်းလိုက် ပြိုင်ပွဲသရုပ်ပြ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ “၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၃ သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား စုစုပေါင်း ၂၃၇ ဦးဖြင့် ပြိုင်ပွဲကာလ ဩဂုတ် ၁၂ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒို အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်