Skip to main content

မြေဆီစိုခိုက် သစ်ပင်စိုက် နိုင်ငံစိမ်းလန်းသာယာ

ကမ္ဘာကြီးသည် အစဉ်ပြောင်းလဲတိုးတက်နေသည်။ ကမ္ဘာလောက ဖွံ့ဖြိုးလာမှုနှင့်အတူ လူသားအကျိုးပြု၊ လူတို့အသုံးချ ဆောင်ရွက်မှုများသည် ကမ္ဘာကြီးအား ထိန်းညှိပေးထားသော ဂေဟစနစ်ကို ပျက်စီးထိခိုက်မှုများရှိလာသည်။ အကျိုးဆက်မှာ ပုံမှန်မဟုတ်သော ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်အမျိုးမျိုး ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့လာရခြင်းဖြစ်သည်။ အယ်လ်နီညို၊ လာနီညာအစွန်းထွက်သော ဖောက်ပြန် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းသည် ကမ္ဘာကြီးကို သဟဇာတဖြစ်အောင် ထိန်းညှိပေးထားသော ဖန်လုံအိမ်ကဲ့သို့ သဘာဝအာနိသင်များကို ပျက်စီးစေသည့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့များ ပျက်ပြယ်သွားခြင်းမရှိဘဲ တစ်နေ့တခြား များပြားလာခြင်းသည် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။ ဖြစ်ပေါ် လာသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ပျက်ပြယ်သွားအောင် သစ်တော သစ်ပင်များက ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကမ္ဘာပေါ်၌ သစ်တောသစ်ပင်များ လျော့နည်းလာခြင်း၏ အကျိုးရလဒ်ကို ကမ္ဘာ့ပြည်သူများ လက်တွေ့ရင်ဆိုင် ကြုံတွေ့နေကြရပြီဖြစ်သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်ရာ၌ သစ်တော သစ်ပင်များ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ သစ်တောတစ်ဟက်တာသည် ကာဗွန်ပမာဏ ၅၃ ဒသမ ၂ မက်ထရစ်တန်ခန့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာပေါ်ရှိ သစ်တောများသည် ကာဗွန်မက်ထရစ်တန် သန်းပေါင်း နှစ်သိန်းကျော်ကို သိုလှောင်ထိန်းသိမ်း ထားနိုင်သည်။ တစ်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၁၆ ဒသမ ၂ သန်းကျော်ကို စုပ်ယူပေးလျက် ရှိကြောင်း သစ်တော သုတေသန လေ့လာတွေ့ရှိချက်များအရ သိရှိရသည့်အတွက် သစ်တောသစ်ပင် ထိန်းသိမ်းစိုက်ပျိုးထူထောင်ရေးကို အလေးထားပြုလုပ်ကြရန်လိုအပ်သည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံများသည် သစ်တောသစ်ပင်များ ထိန်းသိမ်းရေး၊ ပြုစုပျိုးထောင်ရေးကို ဦးစားပေး လုပ်ကိုင်နေကြသည်။ “မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ် မိုးရာသီတွင် သစ်ပင် ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးတည်ထောင်သွားရန် ရည်မှန်းထားသည့်အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက ဇူလိုင်လအကုန်တွင် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးပြီးဖြစ်သည့်အတွက် စိုက်ပျိုးပင်များ အောင်မြင်ရှင်သန်ရေးကို ဆက်လက်အားစိုက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်” နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့သည်။

သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် လှပစေသည့်အပြင် ကမ္ဘာကြီး၏ ရာသီဥတုဂေဟစနစ်ကို ထိန်းသိမ်းပေးထားနိုင်သဖြင့် လူသားများအား အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းသောကြောင့် ယခုနှစ်တွင် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဆောင်ပုဒ်ပါအတိုင်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပအားပေး ဆောင်ရွက်နေကြသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရန်၊ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူ ပြုစေရန်၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက် နိုင်စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

မျက်မှောက်ကာလတွင် အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ အကျိုးဆက်မှာ ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း စသည့်ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်လာသည်။ အနောက်တောင် မုတ်သုံလေ ဝင်ရောက်မှုစောခြင်း၊ နောက်ကျခြင်းများရှိလာသည်။ မုတ်သုံလေ ဝင်ရောက်ချိန် ပုံမှန်ထက်နောက်ကျပြီး ဆုတ်ခွာချိန် ပုံမှန်ထက်စောလာသည့်အတွက် မုတ်သုံကာလ တိုတောင်းခြင်းများကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်မှုများရှိလာနိုင်သည်။

ဥတုရာသီဂေဟစနစ် ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၂ ခုနှစ်အတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို မိုးကြိုကာလ၊ မိုးဦးကာလများမှ ယခုမိုးလယ်ကာလအထိ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာ လှပရေးတို့အတွက် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဆောင်ပုဒ်နှင့်အညီ သစ်ပင်စိုက်ပျိုးရေးကို ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။   ။