Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ပျဉ်းမနား ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကဲဖြတ်ဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည့် အားကစားပညာရှင်များနှင့် ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း ကြက်တောင်ရိုက် အားကစားအသင်းများ တက်ရောက်ကြပြီး စိုက်ပျိုးရေးတက္ကသိုလ် အသင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအသင်းတို့၏ နောက်ဆုံးဗိုလ်လုယှဉ်ပြိုင်ကစားပွဲကို ကြည့်ရှုအားပေး ကြသည်။

ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပါရာ ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက် ဆုဖလားရရှိသည့် စိုက်ပျိုးရေးတက္ကသိုလ် ကိုယ်စားပြု ကြက်တောင်ရိုက် အားကစားအသင်းကို လည်းကောင်း၊ တစ်ဦးချင်းဆုများနှင့် အသင်းလိုက်ဆုများကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကြရာ ဆုရအားကစားသမားများနှင့် အသင်းခေါင်းဆောင်များက လက်ခံရယူကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲကို ဩဂုတ်(၉)ရက်မှ (၁၂)ရက်အထိ (၄)ရက်ကြာ ကျင်းပခဲ့ပြီး ဦးစီးဌာနများ၊ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများက သက်ဆိုင်ရာ ဌာနကိုယ်စားပြု အသင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပညာရှင်များက အကဲဖြတ်ဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြ ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရေးတို့အတွက် ဝန်ထမ်းတိုင်း မိမိတို့ ဝါသနာပါရာ အားကစားနည်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်