Skip to main content

ပြည်‌ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၁၂

အနာဂတ်ကာလတွင် အသင့်ဖြစ်နေသော မျိုးဆက်သစ်လူငယ်များ၏ အရေးပါသည့် အခန်းကဏ္ဍကို အသိအမှတ်ပြု၍ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အခက်အခဲများကို နိုင်ငံတကာအသိုက်အဝန်းက သိရှိနားလည်စေရန်ရည်ရွယ်ပြီး "၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား" ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်ဇံက ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ(၈)ဘီလီယံ ခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ (၁၈)ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်ကြကြောင်း၊ အာဆီယံ ဒေသတွင်း လူဦးရေ(၆၅၄)သန်းအနက် (၃၄)ရာခိုင်နှုန်းသည် အသက်(၁၅)နှစ် မှ (၃၅)နှစ်ကြား လူငယ်များ ဖြစ်ကြကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံခေါင်းဆောင်များ၊ နည်းပညာ ဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သည့် လုပ်သားအင်အားစုများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍများအား ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်ဖြင့် ဩဂုတ် (၁၂)ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်လျက် ရှိကြောင်း၊ "သက်ရွယ်စုံညီ ကမ္ဘာသစ်စီ မျိုးဆက်အားလုံး ပူးပေါင်းပါဝင် ကူညီ" ဆိုသည့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးထားသည့် ဆောင်ပုဒ်နှင့်အညီ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီနိုင်စေရေးအတွက် မျိုးဆက်သစ်များ အချင်းချင်းကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် သက်ရွယ်စုံပါဝင်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်းတီးပုံဖော်ပေးနိုင်ရေး ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်ဦးရေ အချိုးအစားများပြားခြင်းကြောင့် လူဦးရေဆိုင်ရာ ပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံသည် "လူဦးရေဆိုင်ရာ ဆုလာဘ်" ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ ထူးခြားသည့် အင်အားစု တစ်ရပ်လည်းဖြစ်ပြီး၊ အနာဂတ်ခေါင်းဆောင်များလည်း ဖြစ်ကြကြောင်း၊ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ မွေးထုတ်ပေးခြင်းဖြင့် လူငယ်များ၏ စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သက်ရွယ်စုံညီပါဝင်သော လူမှုစီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော သဟဇာတဖြစ်သော အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ဖန်တီး ပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိသည့် လူငယ်အားကစားသမား (၁၆)ဦးကို  ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်ကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူ (၅)ဦးကို ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကလည်ကောင်း ပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် Video Clip ကို ပြသသည်။

ထို့နောက် လူငယ်များကိုယ်စား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မသီရိနန်းစံက လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်အချက်များကို တာဝန်ရှိသူများထံ တင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်