နေပြည်တော် ဩဂုတ် ၁၂
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများကို ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း တက်ရောက် ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်း ဘာသာရပ်၊ အထွေထွေ ဥပဒေအကြံပေးရေး ဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု ဘာသာရပ်နှင့်တရားမဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများနှင့် ဌာနအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များ ဖြစ်ပါကြောင်း၊ ပို့ချသူများသည်လည်း ဥပဒေရေးရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ များစွာရှိသည့် လက်ရှိနိုင်ငံ့တာဝန် ထမ်းဆောင် လျက်ရှိကြသော ဥပဒေပညာရှင်များ၊ ဥပဒေချုပ်များနှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားများ ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းအညွှန်းကိန်း ဖြစ်သည့် ဥပဒေပညာများ ပြန့်ပွားစေရန် အလယ်အလတ်အဆင့် အရာရှိများသင်တန်း၊ ရုံးတွင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေခြင်းများကိုလည်း စဉ်ဆက်မပျက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းသားများ၏ သင်တန်းအပေါ် ထင်မြင်အကြံ ပြုချက်များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာ များစွာ ရရှိကြောင်းသိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုသင်တန်းကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ အစီရင်ခံစာ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်းပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်