ရန်ကုန် ဩဂုတ် ၁၁
မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး အရှည်တည်တံ့ပြန့်ပွားစေရန် ရည်ရွယ်၍ (၆၁)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ (အထိမ်းအမှတ်)နှင့် မေတ္တာအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်ရွှေရတုခန်းမ၌ တိပိဋကဓရ တိပိဋက ကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်၊၊
ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါဠိပါရဂူ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာ တရားနာယူပြီး ရေစက်ချအမျှပေးဝေခဲ့ကြသည်။
အခမ်းအနား ပထမပိုင်းတွင်ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်ကျောင်းဝင်းအတွင်း ဘာသာရေးဝတ်အသင်းအဖွဲ့ ပင့်ဆောင်ရေးအဖွဲ့မှ အသက်အရွယ်အပိုင်းအခြားအလိုက် သာသနာ့အောင်လံကို ကိုင်ဆောင်လျက် လက်ဆင့်ကမ်း သယ်ဆောင်ကာ ရွှေရတုတိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကပါဠိပါရဂူ မော်ကျွန်းဆရာတော်နှင့် သံဃာတော်များထံ ဆက်ကပ်ပြီး သာသနာ့အောင်လံကို တိုင်ထိပ်သို့ လွှင့်ထူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်း ၂၄ ပစ္စည်း ပစ္စယဥပဒေသများကို သုံးကြိမ်ရွတ်ဆိုခြင်း၊ ဇီဝိတဒါနအဖြစ် ငှက်များဘေးမဲ့လွတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြခဲ့သည်၊၊
သတင်းစဉ်