Skip to main content

လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင်အသုံးချ

နေပြည်တော် သြဂုတ် ၁ဝ

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (Media and Infor-mation Literacy)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးရဲတင့်က မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုသည်မှာ မီဒီယာနှင့် သတင်းအချက်အလက်တို့တွင် ပါရှိသည့် အကြောင်းအရာများကို ရယူအသုံးပြုနိုင်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်း၊ ဖန်တီးခြင်း၊ မျှဝေခြင်းနှင့် အသုံးပြုခြင်းတို့ဖြစ်ကြောင်း။

ယခုသင်တန်းတွင် သင်ကြားသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင်အသုံးချကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုလည်း သင်တန်းတက်ရောက်ခွင့်မရရှိသည့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကိုလည်း ထပ်ဆင့် မျှဝေပေးစေလိုပါကြောင်း။

သင်တန်းသားများအနေဖြင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို အောင်မြင်အောင်ကြိုးစားသင်ယူပြီး လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြ ရန် ပြောကြားသည်။

ယခုဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းကို ဩဂုတ် ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း ၃၁ ဦး တက်ရောက်ကြမည် ဖြစ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သင်တန်းနည်းပြများက မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မိတ်ဆက်/နောက်ခံသမိုင်းဘာသာရပ်၊ မြန်မာနိုင်ငံ၏ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမူဘောင်နှင့် ဂေဟစနစ် ဘာသာရပ်၊ သတင်းဆိုင်ရာသိနားလည်မှုဘာသာရပ်၊ သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု (အခြေခံပုံစံ ၇ မျိုး) ဘာသာရပ်၊ သတင်းအချက်အလက်မှားများ၊ လုပ်ကြံသတင်း၊ မသမာသတင်းနှင့် အမုန်းစကားများပျံ့နှံ့ရာ လူမှုမီဒီယာများဘာသာရပ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘာသာရပ်၊ အမုန်းစကားများနှင့် ယင်း၏အကျိုးသက်ရောက်မှုများဘာသာရပ်နှင့် အချက်အလက်များ စစ်ဆေးခြင်း ဘာသာရပ်များကို သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်