Skip to main content

ခရမ်းချဉ်သီးနှင့် ကျန်းမာရေး

မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူ စွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးသည် အရောင်အသွေး လှပသကဲ့သို့ ခန္ဓာကိုယ် အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါတယ်။ ခရမ်းချဉ်သီးကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည် ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါတယ်။ ထို့ပြင် ခရမ်းချဉ် သီးအား ယိုထိုး၍သော်လည်းကောင်း စားသုံးကြပါတယ်။ ခရမ်းချဉ်သီးသည် အာဟာရဖြစ်စေရန် တစ်ခုတည်းတွက်သာမကဘဲ ခန္ဓာကိုယ်၏ အလှအပရေးရာနှင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီးနှင့် အလှအပရေးရာ

ခရမ်းချဉ်သီးကို စားသုံးလျှင် အသားအရည်လှသည်ဟူသောအချက်ကို လူတိုင်းနီးပါးသိ ကြပါတယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေ တို့ ပါဝင်သောကြောင့် အဆီပြန်သော အသားအရေ များအတွက် အဆီပြန်သည့်ပြဿနာကို ထိန်းညှိပေးပါတယ်။ ဝက်ခြံများကို ဖယ်ရှားပေးနိုင်သည့်အပြင် အသားအရေကိုစိုပြေစေပြီး ချွေးပေါက်များကိုကျဉ်းစေတယ်။ ခရမ်းချဉ်သီးအား အသားအရေပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အသားအရေပြဿနာများကို ထိထိရောက်ရောက် ထိန်းသိမ်းကုသပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း(Lycopene)ဟူသော ရောင်ခြယ်ပစ္စည်း ပါဝင်မှုကြောင့် ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံးနှင့်ဆံပင် တို့ကိုပါ ကျန်းမာကောင်းမွန်စေပါတယ်။

ခရမ်းချဉ်သီးတွင် ပါဝင်သော ဗီတာမင်အေသည် ဆံပင်ကို နက်မှောင်သန်စွမ်းစေသည့်အပြင် ဆံပင်အရောင်မွှဲခြောက်ခြင်း၊ ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းတို့ အတွက်လည်း အလွန်သင့်တော်သောအရာဖြစ်သည့်အတွက် နေ့စဉ်ပုံမှန်စားသုံးပေးပါက အသားအရေလှပစေသည့် အပြင် ဆံပင်၏ ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ထို့ပြင်ခရမ်းချဉ်းသီးကို ပုံမှန်စားသုံးပါက အမြင်အာရုံကြည်လင်စေသည့်အတွက် ကွန်ပျူတာဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ စာဖတ် များသူများ၊ အမြင်အာရုံ အားနည်းသူများအနေဖြင့် ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် အမြင်အာရုံအားနည်းခြင်းအား သက်သာစေနိုင်ပါတယ်။

ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း(Lycopene)ဓါတ် အများအပြားပါဝင်မှုကြောင့် အသားအရေ အားနေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ရာ များကိုလည်း သက်သာပျောက်ကင်းစေရန် အထောက်အကူပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဓါတ်တိုးဆန့်ကျင်အာနိသင်နှင့် သွေးတွင်းရှိ အဆိပ်အတောက် များကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သည့် ဗီတာမင်အေနှင့် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်နေခြင်းကြောင့် ခရမ်းချဉ်သီးအား အစိမ်းစားလျင်ပင် ဓါတ်တိုးပစ္စည်းများကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် ကင်ဆာ

ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း (Lycopene)ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများမဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာဆဲလ်များပွားများလာမှုကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် အရိုးကျန်းမာရေး

ခရမ်းချဉ်သီးတွင် ကယ်လ်ဆီယမ်(Calcium)နှင့် ဗီတာမင်ကေတို့ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အရိုးတစ်ရှူးများကို အကောင်းဆုံးအားဖြစ်ပေးနိုင်သည့်အပြင် အရိုးများသန်မာစေရန် လိုအပ်သည့် အာဟာရများကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော လိုင်ကိုပင်း(Lycopene)ခေါ် Antioxidant ဓါတ်ကခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်ဓါတ်များကို ညီညွတ်မျှတအောင် ထိန်းသိမ်းပေးသည့်အတွက်ကြောင့် အရိုးပွရောဂါ၊ အရိုးအားနည်းခြင်း၊ အသက်အရွယ် ကြီးရင့်ခြင်းကြောင့် အရိုးများဆုံးရှုံးရခြင်းစသည့် အရိုးနှင့်ပတ်သက်သည့် ရောဂါများအားကာ ကွယ်ပေးနိုင်သည့်အပြင် ခရမ်းချဉ်သီးတွင် ပါဝင်သော ကယ်လ်ဆီယမ်(Calcium)ကြောင့် သွားများကိုလည်း ကျန်းမာခိုင်ခန့်စေပါတယ်။

ခရမ်းချဉ်သီးနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်ကျန်းမာရေး

ခရမ်းချဉ်သီးသည် နေ့စဉ် ခန္ဓာကိုယ်တွင် လိုအပ်သော ပိုတက်စီယမ်ပမာဏ (၁၁.၄၄)ရာခိုင်နှုန်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ထိုပိုတက်ဆီယမ်ဓါတ်ကပဲ သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေပြီး သင့်တော်သော သွေးပေါင်ချိန် ပမာဏကိုလည်း ထိန်းချုပ်ပေးသည့်အတွက် ခရမ်းချဉ်သီးသည် သွေးပေါင်ချိန် ထိန်းညှိရာတွင် အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကိုလက် စထရောဓါတ်များလာပါက ရောဂါပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီနှင့် ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုလက်စထရောကိုကျစေပြီး ခန္ဓာကိုယ် အတွက်အကျိုးမပြုသည့် ကိုလက်စထရောများကို ချေဖျက်ပေးနိုင်သည့်အတွက် နှလုံးနှင့်ပတ် သက်သည့်ရောဂါများ ဖြစ်ပွားနိုင်ချေနည်းပါးစေပါသည်။ ခရမ်းချဉ်သီးတွင်ပါဝင်သော အမျဉ် ဓါတ်၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် Choline ဓါတ်တို့သည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးပါသည်။ ထို့ပြင်သွေးလည်ပတ်မှု ကောင်းမွန်စေသည့်အတွက် သက်ဆိုင်ရာကိုယ် တွင်းအင်္ဂါများသို့ သွေးရောက်ရှိနိုင်ရန်အတွက်လည်း ကူညီပေးပါတယ်။ ခရမ်းချဉ်သီးတွင် ရေဓါတ်များစွာပါဝင်သည့်အတွက် အစိမ်းစားသုံးပေးပါက ဆီးကျောက်တည်ခြင်းများကို ကာကွယ် ပေးနိုင်သည့်အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း လျော့ချပေးနိုင်သည့်အတွက် တစ်နေ့တစ် လုံး ပုံမှန်စားသုံးပေးပါက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးအား ပုံမှန်စား သုံးပေးခြင်းအားဖြင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း ကဲ့သို့သော အသက်အန္တရာယ်ဖြစ် စေနိုင်သော ရောဂါများမှ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးသည် အဆုတ်ကို လည်း ကျန်းမာစေသည့် သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသည့် အခါခန္ဓာကိုယ်မှ နီကိုတင်းကြောင့် ထိခိုက်မှုကိုဆိုးရွားစွာဖြစ်စေနိုင်တယ်။ ထိုကဲ့သို့ ထိခိုက်မှုနည်းပါးစေချင်ပါက ခရမ်းချဉ်သီးအား စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော Coumaric အက်စစ်နှင့် Chlorogenic အက်စစ်များသည် စီးကရက်ငွေ့တွင်ပါဝင်သော ကာစီနိုဂျင်ကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ဆေးလိပ်သောက် သုံးသူများအနေဖြင့် ခရမ်းချဉ်သီးအား နေ့စဉ်စားသုံးပေးသင့်ပါကြောင်းနှင့် ခရမ်းချဉ်သီးမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား တင်ပြလိုက်ရပါတယ်။

DOCA(စစ်ကိုင်း)