Skip to main content

အမှိုက်ထဲကရတနာ (သို့မဟုတ် ) ဈေးကွက်ဝင်ရောင်းပန်းလှသည့် ကောက်ရိုးမှို

ကျွန်မတို့ ငယ်စဉ်ကလေးဘဝ စကားထာဖွဲ့ကြရာတွင် “တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာ မင်းလောင်း ထီးဖြူ‌ဆောင်း” ဟူသည့် မြန်မာရိုးရာစကားထာကို သတိရမိသည်။ ထို့အပြင် “မှိုရသောမျက်နှာ” ဟူသည် အလွန်ပီတိဖြစ်၍ ပြုံးနေသောမျက်နှာ၊ ကျေနပ်အားရနေသော မျက်နှာကို ခေါ်ခြင်းဖြစ်၍ မှိုကိုလည်း မြန်မာလူမျိုးများက အလွန်ကြိုက်နှစ်သက်သည်ကို ပေါ်လွင်စေပါသည်။ မြန်မာပြည်တွင် စနစ်တကျ မှိုစိုက်ပျိုးသည့်နှစ်ကို ခန့်မှန်းတွက်ဆ ကြည့်သောအခါ (၁၉၃၂) ခုနှစ်၊ မန္တလေးတိုင်းတွင် ထိုင်းနိုင်ငံမှ ပညာရှင်တစ်‌ယောက် အကူအညီဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းကို စတင်ခဲ့သည်ဟု ယူဆရကြောင်း လေ့လာသိရှိရပါသည်။ (၁၉၇၉)ခုနှစ်မှ စတင်၍ မှိုစိုက်ပျိုးနည်း ပိုမိုတွင်ကျယ်လာကာ (၁၉၈၀) နောက်ပိုင်းတွင် နည်းပညာများမြင့်မားလာပြီး ကောက်ရိုးမှိုကို နည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့် စနစ်တကျ စိုက်ပျိုးလာကြပါသည်။

ကောက်ရိုးမှို၏ အဆင်းသဏ္ဍာန်

ကောက်ရိုးမှိုသည် (မှိုဥ၊ မှိုငုံ၊ မှိုပွင့်)စသည့် အခြေအနေ သုံးရပ်ရှိပြီး အရောင်အားဖြင့် အဖြူ ကို အခြေခံ၍ ပေါက်တတ်ကြပြီး မျိုးစိပ်အရသော်လည်းကောငး ၊အလင်းရောင်ကြောင့်သော် လည်းကောင်း၊ လေတိုက်ခတ်မှုကြောင့်သော်လည်းကောင်း အမည်းရောင်၊ နီညိုရောင်၊ မီးခိုး ရောင် စသဖြင့် ရှိတတ်ပါသည်။

စိုက်သည့်ရာသီ

ပုံမှန်အားဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြရာတွင် ရာသီအလိုက် ပြောင်းလဲမှုရှိနိုင်ပြီး စိုက်ပျိုး ပြုစုမှုစနစ်လည်း အနည်းငယ် ကွာခြားတတ်ပါသည်။ နွေ၊ မိုး၊ ဆောင်းရာသီဥတုမရွေး စိုက်ပျိုး နိုင်သော်လည်း ကောက်ရိုးမှို၏သဘောသဘာဝသည် ပူအိုက်စိုစွတ်သည့်လက္ခဏာကို ပိုမိုကြိုက် ပြီး၊  သဘာဝမှရရှိသော နေအလင်းရောင်နှင့် စိုစွတ်ခြင်းကို ထိန်းညှိရန် ရေလောင်း/ရေဖြန်းခြင်း များကို အလွယ်တကူ ပြုလုပ်နိုင်သောကြောင့် နွေနှင့်ဆောင်းရာသီတွင် ပိုမိုစိုက်သင့်သည်ဟု ယူဆကြပါသည်။ မိုးဦးကျကာလတွင် မှိုမျိုးစုံပေါက်လေ့ရှိသော ကာလဖြစ်သော်လည်း ကောက်ရိုးမှိုကို မိုးရာသီတွင် စိုက်ပျိုးသည့် အခါ မိုးရွာသွန်းမှုများချိန်တွင် အပူချိန်ကျသွားခြင်း ၊ မိုးရေစိုစွတ်မှု များပါကလည်း ပျက်ဆီးလွယ်ခြင်း စသည့်ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

စိုက်ပျိုးခြင်းအဆင့်ဆင့်

ကောက်ရိုးမှိုစိုက်ပျိုးရန် ပြင်ဆင်သည့်အခါ မြေနေရာသည် ညီညာပြန့်ပြူးပြီး ရေအလွယ် တကူရရှိနိုင်မည့်နေရာမျိုးကို ရွေးချယ်သင့်ပါသည်။ မိုးရာသီတွင်စိုက်ပျိုးမည် ဆိုပါကလည်း မြေနေရာမြင့်သည့်နေရာတွင်သာ စိုက်ပျိုးသင့်ပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကနဦး လုပ်ငန်းမှာ ‌ကောက်ရိုးရိုးပြတ်များကို ရေစိမ်ရပါသည်။ ရိုးပြတ်များကို ရေစိမ်ရာတွင်လည်း နည်းစနစ် အမျိုးမျိုးဖြင့် ရေစိမ်တတ်ကြသော်လည်း စိမ်ထားရမည့် ကြာချိန်မှာ အရေးကြီး ပါသည်။

မှိုစိုက်ပျိုးမည့် မြေနေရာကို မိမိတို့စိုက်ပျိုးမည့် အရွယ်အစားအလိုက် ဘောင်နေရာပေး၍ အောက်ခံတွင် နွားချေးခံပေးရပါမည်။ ထို့နောက်ရေစိမ်ထားသော ရိုးပြတ်များကို နွားချေးပေါ်တွင် ထပ်၍ တင်ပေးရပါမည်။ ကောက်ရိုးရိုးပြတ်များကြားထဲတွင် နှစ်သက်ရာမှိုမျိုးအားချေ၍ နည်းနည်း စီအလိုက်သင့် ထည့်ပေးရပါသည်။ ထို့နောက် ကောက်ရိုးများပေါ်မှ အခြောက်ခံထားသော မြင်းချေး(သို့မဟုတ်) နွားချေးကို ထန်းခေါက်တောင်းဖြင့် တစ်တောင်းရေဖျော်၍ ဖြူးပေးပြီး မှိုမျိုး အနည်းငယ် ဆက်လက်၍ ထပ်ဖြူးပေးရပါသည်။ ပုံမှန်စိုက်ပျိုးကြသော မှိုပုံအရွယ်အစား ၁၂ပေ ၃ပေတွင် မှိုမျိုးထုပ် ၅ ထုပ်မှ ၇ ထုပ်အထိ ထည့်နိုင်ပါသည်။ ရာသီဥတုပေါ် မူတည်၍ ရေအနည်းငယ် လောင်းပေးပြီး စိုက်ပျိုးမှုအဆင့်ဆင့်ပြီးသောအခါ အမိုးကိုင်းလုပ်ပေးရပါမည်။ အမိုးကိုင်းလုပ် ရာတွင် မှိုပုံအထက်မှ ခေါင်အမြင့် တစ်ပေခွဲခန့်ဆိုလျှင် အဆင်ပြေပါသည်။ ခေါင်လုပ်ပြီးသောအခါ မှိုပုံကို ပလပ်စတစ်ဖြင့် လုံအောင်အုပ်၍ ဘေးပတ်ပတ် လည်တွင် တင်းကျပ်စွာဆွဲ၍ ထိုပလပ်စတစ်ကို ခဲများဖြင့်ခုထားရပါမည်။ ထိုမှတစ်ဆင့် ပလပ်စတစ်အုပ် ထားသည့်ပေါ်တွင် သက်ကယ်(သို့) ကောက်ရိုး(သို့) ထန်းရွက်ကြိုက်နှစ်သက်ရာကို ထပ်ပြီး အုပ်ပေးရပါမည်။ ထိပ်နှစ်ဖက်ကိုလည်း အလင်းလုံအောင် သေချာစွာကာပေးရပါမည်။

မှိုခူးရသည်အထိအဆင့်ဆင့်ဖြစ်ပေါ်လာပုံ

မှိုစတင်စိုက်ပျိုးပြီးသည်မှစ၍ (၅) ရက်မှ (၇) ရက်မြောက်သည့်အခါ မှိုမျှင်လေးများ စမွေး တတ်ပါသည်။ ထို့ကြောင့် (၅) ရက်မြောက်သည့်နေ့တွင် မှိုပုံအားဖွင့်ကြည့်၍ (၁၀)မိနစ်ခန့် ချွေးလှပ်ပြီး လိုအပ်သောရေပမာဏ အနည်းငယ်ဖြန်းပေးပြီး လုံခြုံစွာပြန်အုပ်ထားရပါမည်။ (၇)ရက်မှ (၉)ရက်မြောက် သည့်အခါ မှိုမျှင်လေးမှသည် ဆန်ကွဲစေ့ပမာဏခန့်မှိုဥ ကလေးများ ဖြစ်လာပြီး ဖွင့်ကြည့်၍ ချွေးအရမ်းများခြင်း၊ အပူချိန်များခြင်းရှိပါက အုပ်ထားသော ပလပ်စတစ်ကို လေအနည်းငယ် ဝင်နိုင်‌စေရန် ထိပ်နှစ်ဖက်တွင် အပေါက်လေးများ အနည်းငယ် ဖောက်ပေး၍ လေ‌ပေးနိုင်ပါသည်။ ခြနှင့်ပိုးမွှားများ ရှိပါကလည်း ဘောင်တွင်ထုံးအနည်းငယ်ဖြူး ပေးနိုင်ပါသည်။ ပုံမှန်ရာသီတွင် (၁၂)ရက်ပြည့်ပါက ခူးဆွတ်နိုင်သည့် အဆင့်ကိုရောက်ပြီးဖြစ် ပါသည်။ ပုံမှန် ၁၂ပေ ၃ပေ ကောက်ရိုးပုံ တစ်ပုံတွင် တစ်ခါခူးလျှင်မှို အချိန်(၂) ပိဿာမှ (၃)ပိဿာအကြား အထွက်နှုန်းရှိ၍ မှိုစိုက်ပျိုးသည့်ရာသီနှင့် စိုက်ပျိုးသည့် နည်းစနစ်ပေါ် မူတည်၍ အနည်းအများရှိပါသည်။ နေ့စဉ်ခူး၍ မှိုဥများ ကုန်သွားသော်လည်း မှိုပုံပေါ်တွင် ဆန်ကွဲစေ့အရွယ်မှိုများရှိသေးပါက လိုအပ်သော ရေပမာဏ ထပ်ခါထပ်ခါပေး၍ ဆက်လက်ခူး ဆွတ်နိုင်ပါသည်။ မှိုခူးဆွတ်ချိန်တွင်လည်း အခြားအရွယ်မရောက်သေးသော မှိုဥများကို မထိခိုက်စေရန် သတိပြု၍ ခူးဆွတ်ရပါမည်။ ထိခိုက်မိသော မှိုဥများသည် ကြီးထားမှုကို ရပ်ဆိုင်းသွားသည့်အပြင် တစ်ခါတစ်ရံတွင်ပုပ်ရိ၍ ပျက်စီးနိုင်ပါသည်။ မှိုခူးဆွတ်သည့် ကာလမှာ မိမိတတ်ကျွမ်းမှုနှင့်ဆိုင်ပြီး ဈေးကွက်ဝင်မည့်အရွယ်ကိုသာ ရွေးချယ်၍ ခူးဆွတ်သင့်ပါသည်။ စနစ်တကျစိုက်ပျိုးထားသည့် ကောက်ရိုးမှိုကို ခူးဆွတ်သည့်အခါ ကောက်ရိုးပုံကိုဖြဲ၍ မှိုရှာခြင်းကို လည်း ရှောင်ရှားသင့်ပါသည်။

ကြုံတွေ့ရသောပြသနာများ

ကောက်ရိုးမှိုစိုက်ပျိုးရန် သင့်တော်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် ကောက်ရိုးကိုလည်း သေချာစွာ ရွေးချယ်တတ်ရန်လိုအပ်ပါသည်။ ကောက်ရိုးအမျိုးအစား ပေါ် မူတည်၍လည်း မှိုအထွက်နှုန်းကွာခြားတတ်ပါသည်။ စပါးများရိတ်သိမ်းပြီးချိန် တလင်းတွင် နယ်လှေ့ကာ စပါးခြွေပြီးသားကောက်ရိုးသည် စပါးစေ့ရရှိရန် အပေါ်ပိုင်းသာရိတ်သိမ်းရသဖြင့် စပါးရိုးသေးငယ် ပြီး အခေါင်းကျဉ်းပါသည်။ နယ်လှေ့ထားမှုကြောင့် ပင်စည်ရိုးများကွဲအက်နေပြီး စပါးရွက်များဖြင့် ရောထွေးနေတတ်ပါသည်။ ယင်းကောက်ရိုးကို စိုက်ပျိုးရန် သုံးသည့်အခါ ခက်ခဲစွာစိုက်ပျိုးရခြင်း၊ မှိုအမျှင်ပွားမှုနည်းပါးခြင်း၊ မှိုထွက်နှုန်းမကောင်းခြင်းတို့ကို ကြုံတွေ့နိုင်ပါသည်။ မှိုစိုက်ရာတွင် မှိုမျိုးထုပ် အရည်အသွေးမှာလည်း အရေးကြီးပါသည်။ မှိုမျိုးမသန့်စင်ပါက မှိုမျှင်မဆင်းနိုင်ခြင်း၊ မှိုမျှင်ပေါ်တွင် အဖြူစက် များဖြစ်ပေါ်ခြင်း စသည့်လက္ခဏာများ တွေ့နိုင်ပါသည်။ ကောက်ရိုး မရနိုင်သောဒေသများ၊ ကောက်ရိုးရှားပါးလာမှုများရှိသော်လည်း ကောက်ရိုးနေရာတွင် ဗေဒါနှင့် ဂျပ်ကို အစားထိုး၍ တစ်နိုင်တစ်ပိုင်သာမက စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

အားသာချက်များ

ကောက်ရိုးမှိုအား စနစ်တကျစိုက်ပျိုးခြင်းဖြင့် စွန့်ပစ်ပစ္စည်းများ၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် ကောက်ရိုး၊ ရိုးပြတ်၊ပဲမှော်၊ ဗေဒါ၊ သီးနှံအစိတ်အပိုင်းများ ၊ ငှက်ပျောဖတ်၊ ငှက်ပျောပင်၊ သစ်ပင်အစိတ်အပိုင်းများ၊ မြင်းချေး၊ နွားချေး၊ စက္ကူစ၊ ဂျပ်ဖာစသည့် အလေအလွင့် ပစ္စည်းများကို အလွယ်တစ်ကူပြန်လည် အသုံးချနိုင်ခြင်းတို့ကြောင့် အမှိုက်ထဲကရတနာဟု တင်စားခေါ်ဝေါ်ရသော ကောက်ရိုးမှိုသည် နေရာကျဉ်းကျဉ်းတွင်လည်း အထွက်များများရရှိနိုင်ခြင်း၊ ဝင်ငွေစောစွာ ရရှိခြင်း၊ ဈေးနှုန်းမြင့်မားစွာရောင်းချနိုင်ခြင်း စသည့်အားသာချက်များရှိပါသည်။ ကောက်ရိုးမှို စိုက်ပျိုးနိုင်ရန်အတွက် မည်သည့်နေရာတွင်မဆို (ဥပမာ- အခြားသီးနှံများစိုက်ပျိုးရန် မဖြစ်ထွန်း သည့်နေရာများ၊ စိုက်ပျိုးပြီးနောက် မြေလပ်ထားရတော့မည့်နေရာများပါမကျန် နေကျဲကျဲ ကွင်းပြင်၊ အရိပ်ထဲ၊ အဆောက်အဦီထဲပါ)စိုက်ပျိုးနိုင်ပါသည်။ထို့အပြင် စိုက်ပျိုးသူ တောင်သူများအတွက် အဓိကဝင်ငွေ တစ်ရပ်အဖြစ် (သို့မဟုတ်) အပိုဝင်ငွေအဖြစ် လည်းကောင်း စီးပွားဖြစ် လုပ်ငန်းတစ်ခုအနေဖြင့် လည်းကောင်း၊ နေရာကျဉ်းကျဉ်းတွင် အရင်းအနှီးနည်းနည်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များများ ရရှိနိုင်သည့် စိုက်ပျိုးရေးလည်းဖြစ်ပါသည်။ မြေပြင်တွင် သာမက တောင်းထဲတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စင်ဖြင့်အဆင့်ဆင့် စိုက်ပျိုးနိုင် ပါသည်။ ကောက်ရိုးမှိုသည် တန်ဖိုးမြင့် အသီးအနှံများထဲမှ လူကြိုက်အများဆုံးဖြစ်ပြီး ရက်တိုတိုနှင့်ငွေပေါ်စေပါသည်။ မှိုမျိုးကိုလည်း ကြိုက်နှစ်သက်ရာကို ဈေးနှုန်း သင့်တင့်စွာဖြင့် အမြို့မြို့နယ်တိုင်းတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။

ကောင်းကျိုးနှင့်ဆိုးကျိုးများ

ကောက်ရိုးမှိုကို လူတိုင်းကြိုက်နှစ်သက်စွာ စားသုံးကြသော်လည်း မှိုနှင့်မတည့်သူများ အနေဖြင့် အော့အန်ခြင်း၊ ဝမ်းလျောခြင်း ၊ ဆီးချုပ်ခြင်း၊ မျက်လုံးဝေ၍ ထိုင်းမှိုင်းခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးသွေးအားနည်းခြင်း စသည့်လက္ခဏာများဖြစ်တတ်၍  ကောက်ရိုးမှိုသာမက မည်သည့် မှိုအမျိုးအစားကိုမဆို ချက်ပြုတ်စား ရာတွင် အဆိပ်အတောက် ဖြေလျော့စေရန် ကန်စွန်းရွက်နှင့် တွက်ဖက်၍ ချက်ပြုတ်စားသောက်ကြပါသည်။ ကောက်ရိုးမှိုသည် ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းလိုအပ်သော ပရိုတင်းဓါတ်၊ အင်ဇိုင်း၊ ကစီဓါတ်၊ ရေဓါတ်များ ပါဝင်နေပါသည်။ ဘေးဥပါဒ်ဖြစ်စေနိုင်သည့် အဆီများကို ဖယ်ရှားပေးပြီး ကိုလက်စတရောကို လျင်မြန်စွာ လောင်ကျွမ်းနိုင်သည့်အပြင် မြန်မာလူမျိုးများ ကုသိုလ်ကောင်းမှုပြုလုပ်ရာ ဆွမ်းကျွေးကွမ်းကျွေးပွဲ များတွင်လည်း သားသတ်လွတ် အာဟာရတန်ဖိုးမြင့် အသီးအနှံ ဟင်းတစ်ခွက်အဖြစ် အသုံးဝင်သော ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်သော အမှိုက်ထဲကရတနာ (သို့မဟုတ်) ဈေးကွက်ဝင် ရောင်းပန်းလှသည့် ကောက်ရိုးမှိုအကြောင်း ရေးသားတင်ပြလိုက် ရပါသည်။        

DOCA(စစ်ကိုင်း)