ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းပေါင်း ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှု ကောင်းမွန်သော ယာဉ်မောင်းများ ကို ရွေးချယ်၍ YRTC မှ ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွင် ကျင်းပသော မီဒီယာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ပြည်သူတို့ထံ အသိပေးရှင်းလင်းသော မီဒီယာတွေ့ဆုံပွဲတွင် YRTC အနေဖြင့် ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စီးခပိုမို ကောက်ခံသော ယာဉ်လိုင်းများ အား စုံစမ်းစစ်ဆေးရေး၊ စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များအား CNG ပိတ်သိမ်းရေးတို့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ယာဉ်လိုင်းပေါင်း ၂၀ တွင် စည်းကမ်းပိုင်း နှင့် ဝန်ဆောင်မှုကောင်းမွန်သော ယာဉ်လိုင်းများကို ကုမ္ပဏီတစ်ခုလျှင် ယာဉ်မောင်းသုံးဦးကျ ရွေးချယ်၍ စုစုပေါင်း ယာဉ်မောင်း ၆၀ တို့ကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းဖြင့် ဂုဏ်ပြုမှုကိုလည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်မှုအဖြစ် ခရီးသည်များကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းနှင့် ငွေကြေးများကို ပြည်သူတို့လက်ဝယ်အရောက် ပေးအပ်ခဲ့သော ယာဉ်မောင်း ၂၀ တို့ကိုလည်းကောင်း ဩဂုတ် ၂၆ ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည်။
ထိုသို့ ဆုများပေးအပ်ချီးမြှင့်နိုင်ရန် YRTC အနေဖြင့် ပို့ဆောင်ရေးဌာန (မြို့တွင်း)၊ ‘ဂ’စင်းလုံး ငှားဌာန၊ ‘ဃ’ ပဋိဉာဉ်ဌာန၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာန၊ အဝေးပြေး ခရီးသည်သယ်ယူပို့ဆောင်ရေးဌာနနှင့် ကုန်စည်ကြီးကြပ်မှုဌာနတို့ဖွဲ့စည်း၍ စည်းကမ်းလိုက်နာသော ယာဉ်မောင်းများကို အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ဂုဏ်ပြုသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ ခရီးသွားများ စည်ကားရာ မှတ်တိုင်တို့တွင်လည်း ယာဉ်လိုင်း များ အဝင်/အထွက်နှင့် ခရီးသွား များ ကြန့်ကြာမှုမရှိစေရန် YRTC မှ ဝန်ထမ်းနှစ်ဦးစီဖြင့် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး